မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်တွင် စစ်ကောင်စီအရာရှိ အလဲအလှယ်ပြုလုပ်ရန်လာသည့် စစ်ကောင်စီစစ်ကြောင်းအား အပြန်တွင် ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များက လိုက်လံတိုက်ခိုက်ခဲ့ရာ ၂ ဦးသေဆုံး၍ ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံသတင်းအရင်းအမြစ်များထံမှ သိရသည်။
ကလေးမြို့နယ်၊ ကျောက်ပြုတ်ရွာမှ စစ်ကောင်စီအရာရှိနှင့် ဂန့်ဂေါမြို့နယ်၊ တောင်ခင်ရန်းရဲစခန်းမှ အရာရှိတို့အား အပြောင်းအလဲပြုလုပ်ပြီးအပြန် ဇွန်လ ၂ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲအချိန်ခန့်တွင် ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက လိုက်လံတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
“တောင်ခင်ရန်းရဲစခန်းဗိုလ်မှူးက ယာယီကိုး။ အဲ့ဒါကို ကျောက်ပြုတ်က ဗိုလ်မှူးနဲ့ နေရာအလဲအလှယ်လုပ်အောင်လာတာ။ အဲ့ဒါကို အပြန်မှာ တောင်ခင်ရန်းနဲ့ ရွှေဘိုကြားပေါ့၊ အဲ့ဒီမှာ ကုန်ထုတ်လမ်းဆိုတာရှိတယ်။ အဲ့ဒီနားမှာ ကျနော်တို့က တောက်လျှောက်လိုက်ပစ်ခဲ့တာပါ။ စနိုက်ပါနဲ့ပစ်တာ ၂ ယောက်သေသွားတယ်။ ကျန်တာ ၆ ယောက်ထိခိုက်ဒဏ်ရာရသွားတယ်”ဟု ဒေသကာကွယ်ရေးရဲဘော်တစ်ဦးက MPA သို့ ပြောသည်။
အဆိုပါ ထိတွေ့တိုက်ခိုက်မှုသည် နာရီဝက်ခန့်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီဘက်မှ ပြန်လည်ပစ်ခတ်မှုများရှိခဲ့သော်လည်း ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များအနေဖြင့် အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု ဆိုသည်။
“သူတို့ဘက်က ပြန်ပစ်တာမျိုးလည်းရှိတယ်။ မြောက်ခင်ရန်းဘက်က လက်နက်ကြီးနဲ့ ပစ်ကူပေးတာမျိုးရှိတယ်။ ဒါပေမဲ့ကျနော်တို့ အထိအခိုက်မရှိ ပြန်ဆုတ်နိုင်ခဲ့တယ်။ မြောက်ခင်ရန်းကနေ လက်နက်ကြီးပစ်ကူတာမှာ ရွှေဘိုရွာက ပြည်သူအချို့တော့ ထိသွားတာရှိတယ်”ဟု ၎င်းက ဆက်ပြောသည်။
အဆိုပါစစ်ဆင်ရေးအား ဂန့်ဂေါခရိုင်တပ်ရင်း (၁)၊ မြောက်ခင်ရန်းပကဖ၊ သင်တောပကဖ၊ ရွှေဘိုပကဖ၊ကုန်းရွာပကဖ၊ KKG တပ်ခွဲ ၃ နှင့် နှလုံးလှရွာပကဖတို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု စုံစမ်းသိရှိရသည်။
စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုနှင့် ပတ်သက်၍ MPA အနေဖြင့် အသေးစိတ်အား ဆက်လက် စုံစမ်းနေဆဲဖြစ်သည်။