မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရန်း ပျူစောထီးရွာမှ ဇွန်လ ၂ ရက်နေ့၊ မွန်းလွဲ ၁၂ နာရီ ၂၄ မိနစ်ခန့်တွင် ရွာတောင်ဘက်သို့ (၁၂၀) မမ၊ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သဖြင့် ရွှေဘိုရွာအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ပြည်သူ ၂ ဦး လက်နက်ကြီးထိမှန်သေဆုံး၍ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံသတင်းအရင်းအမြစ်များထံမှ သိရသည်။
ကလေးမြို့နယ်၊ ကျောက်ပြုတ်ရွာမှ စစ်ကောင်စီအရာရှိနှင့် ဂန့်ဂေါမြို့နယ်၊ တောင်ခင်ရန်းရွာရဲစခန်းမှ အရာရှိတို့အား အပြောင်းအလဲလုပ်ရန် စစ်ကြောင်းထိုးလာစဥ် မြောက်ခင်ရန်းပျူစောထီးရွာမှ လမ်းရှင်းပေးသည့်အနေဖြင့် လက်နက်ကြီးဖြင့် ပစ်ခတ်ရာမှ ယခုကဲ့သို့ ပြည်သူများ ထိခိုက်သေဆုံးခဲ့ရခြင်းဖြစ်သည်ဟု ဆိုသည်။
“ကျောက်ပြုတ်ကနေလာတဲ့ စစ်ကြောင်းကို မြောက်ခင်ရန်းကနေ လက်နက်ကြီးတွေနဲ့ထုပြီး၊ လမ်းရှင်းပေးတာပေါ့။ သင်တောရွာကိုဝင်တယ်။ အဲ့ဒီရွာက ထွက်ပြေးတဲ့လူတွေကိုလည်း ထုတယ်။ အဲ့ဒါက မထိဘူးပေါ့။ နောက်ရွှေဘိုရွာကိုဝင်တယ်။ လက်နက်ကြီးနဲ့ထုတယ်။ သူတို့က မဝင်ခင်လက်နက်ကြီးတွေနဲ့ထုပြီး ကြိုရှင်းတာပေါ့။ အဲ့ဒီမှာ စပါးတိုက် (စပါးကျီ) မှာ ဝင်ပုန်းနေတဲ့ လူတွေထိတာ။ ၂ ယောက်သေတယ်။ တစ်ယောက်က ဒဏ်ရာရတယ်ပေါ့”ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက MPA သို့ ပြောသည်။
အဆိုပါပစ်ခတ်မှုကြောင့် အသက် (၅၀) အရွယ် ဦးဖိုးသားကြီးနှင့် အသက် (၄၈) နှစ်အရွယ် ဦးငမိုး ဆိုသူတို့ သေဆုံးခဲ့ရပြီး အသက် (၄၅) နှစ်အရွယ် ဦးဌေးဝင်းမှာ ထိခိုက်ဒဏ်ရာရရှိသွားခဲ့သည်ဟု ဆိုသည်။
“ဦးဖိုးသားကြီးက နေရာမှာတင် ပွဲချင်းပြီးဆုံးတာ။ ဦးငမိုးက ဆေးကုဖို့သွားနေတုန်း သွေးလွန်ပြီးလမ်းမှာ သေသွားတာဗျ။ ဦးဌေးဝင်းကတော့ လက်ပြတ်သွားတယ်”ဟု ဒေသခံတစ်ဦးက MPA သို့ ရှင်းပြသည်။
ယင်း စစ်ကောင်စီနှင့် ပျူစောထီးစစ်ကြောင်းသည် တောင်ခင်ရန်းရွာမှ ပြည်သူနှစ်ဦးကိုလည်း သတ်သွားခဲ့သည်ဟု ကနဦးသိရှိရပြီး ယင်းနှင့် ပတ်သက်၍ MPA အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။