ပြီးခဲ့သည့် ဇွန်လ ၁ ရက်နေ့နှင့် ၂ ရက်နေ့တို့တွင် စစ်ကောင်စီနှင့် မြောက်ပိုင်းညီနောင် EAOs အဖွဲ့တို့ ပြုလုပ်ခဲ့သည့် တွေ့ဆုံဆွေးနွေးပွဲတွင် မပြီးပြတ်ခဲ့သေးသည့် ကိစ္စရပ်များအား နှစ်ဘက် အဆင်ပြေသည့် အချိန်တွင် ပြန်လည်ဆွေးနွေးမည်ဖြစ်ကြောင်း စစ်ကောင်စီက ဇွန်လ ၂ ရက်နေ့ရက်စွဲဖြင့် ယနေ့တွင် ထုတ်ပြန်သည်။
ဆွေးနွေးပွဲအား တရုတ်နိုင်ငံ၏ ကြားဝင်ညှိနှိုင်းပေးမှုအရ ရခိုင့်တပ်တော် (AA)၊ ပလောင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၊ ကိုးကန့်အဖွဲ့ဖြစ်သည့် မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ် (MNDAA) နှင့် စစ်ကောင်စီ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) တို့ ၂ ရက်တာ ဆွေးနွေးခဲ့ကြောင်းသိရသည်။
ဒေသတွင်းမီဒီယာများ၏ ဖော်ပြချက်အရ တရုတ်နိုင်ငံအစိုးရ၏ ညှိနှိုင်းပေးမှုဖြင့် စစ်ကောင်စီနှင့် မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့၏ ဆွေးနွေးပွဲအား မူလက ၃ ရက်တိုင်ဆွေးနွေးစီစဉ်ထားသော်လည်း နိုင်ငံရေး သဘောတူညီချက်မရဘဲ ၂ ရက်ဖြင့်သာ ရပ်နားလိုက်ရကြောင်း သိရှိရသည်။
ရှမ်းပြည်နယ် အထူးဒေသ (၄) မိုင်းလားမြို့တွင် ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲ၏ ဒုတိယနေ့တွင် စစ်ကောင်စီဘက်မှ နိုင်ငံရေးကိစ္စများအား ဆွေးနွေးလိုသော်လည်း မြောက်ပိုင်းညီနောင်မဟာမိတ်အဖွဲ့များမှ မဆွေးနွေးလို့သည့်အတွက် ဆွေးနွေးပွဲရပ်နားလိုက်ရကြောင်း သိရသည်။
ယင်းဆွေးနွေးပွဲ ကိစ္စရပ်နှင့် ပတ်သက်၍ MPA အနေဖြင့် မြောက်ပိုင်း ညီနောင် မဟာမိတ်များထံ ဆက်သွယ်မေးမြန်းထားသော်လည်း ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။
မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့သည် စစ်အာဏာရှင်စနစ်တိုက်ထုတ်ရန် အာဏာသိမ်းစစ်ကောင်စီအား တော်လှန်တိုက်ခိုက်နေသည့်အဖွဲ့များနှင့် ပူးပေါင်းသွားမည်ဖြစ်ကြောင်း ယနေ့တွင် ထုတ်ပြန်ကြေညာထားသည်။
ဆွေးနွေးပွဲအား တရုတ်နိုင်ငံအစိုးရမှ ယူနန်ပြည်နယ် နိုင်ငံခြားရေးရာ အထူးသံတမန် မစ္စတာကော်ပေါင်၊ စစ်ကောင်စီ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီမှ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် မြောက်ပိုင်းညီနောင်မဟာမိတ်များအဖွဲ့မှ ကိုယ်စားလှယ်တို့ တက်ရောက်ဆွေးခဲ့ကြသည်။