မြန်မာနိုင်ငံအတွင်း ဂျပန်နိုင်ငံ၏ ရထားလမ်းစီမံကိန်းများသည် စစ်ကောင်စီအတွက် ရာဇဝတ်မှုများအား အားပေးကူညီနိုင်သည့် အန္တရာယ်ရှိနေကြောင်း Justice For Myanmar (JFM) က မေလ ၃၁ ရက်နေ့က သတင်းထုတ်ပြန်ထားခဲ့သည်။
ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံအတွင်း စစ်တပ်မှ အာဏာသိမ်းပြီးနောက် နိုင်ငံတွင်း ရထားလမ်းအဆင့်မြှင့်တင် တည်ဆောက်ရေး စီမံကိန်းများတွင် ဆက်လက်အကောင်အထည်ဖော်နေကြောင်း သိရသည်။
ရထားလမ်းမြှင့်တင်ရေးစီမံကိန်းများအောက်တွင် ဂျပန်နိုင်ငံနှင့် အီးယူရှိ နိုင်ငံစုံကော်ပိုရေးရှင်းများမှ မြန်မာစစ်အုပ်စုနှင့် ပတ်သက်သည့် ခရိုနီကုမ္ပဏီများနှင့် မိတ်ဖက်ဆောင်ရွက်နေကာ ရထားအသစ်များကိုလည်း ဆက်လက်ပံ့ပိုးနေကြောင်း ထုန်ပြန်ချက်တွင် ဖော်ပြထားသည်။
“ကျင့်ဝတ်မဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ၊ ကော်ပိုရေးရှင်းတွေနဲ့ ကုမ္ပဏီကြီးတွေရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကနေ စစ်ကောင်စီက အကျိုးအမြတ်တွေရနေတာပေါ့။ ရုတ်တရက်ဆိုရင်တော့ ဒါဟာ စီးပွားရေးလုပ်နေတာပေါ့။ ဒါပေမယ့် ဒီရင်းနှီးမြှုပ်နှံမှုတွေကိုသာ ဆက်လုပ်နေဦးမယ်ဆိုရင်တော့ စစ်ကောင်စီရဲ့ အကြမ်းဖမ်မှုတွေနဲ့ အကြမ်းဖက်လုပ်ရပ်တွေကို အားပေးကူညီနေတာနဲ့ အတူတူပါပဲ”ဟု နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဦးထွန်းကြည်မှ ပြောသည်။
နိုင်ငံတွင်း ဂျပန်နိုင်ငံ၏ ရထားလမ်းစီမံကိန်းတွင် တည်ဆောက်ထားသော အခြေခံ အဆောက်အအုံများအား စစ်ကောင်စီမှ စစ်ရေးရည်ရွယ်ချက်အတွက် အသုံးချနိုင်သောကြောင့် စီမံကိန်းအား ရပ်တန့်ပေးရန်အတွက်လည်း JFM မှ တောင်းဆိုထားသည်။
“အာဏာမသိမ်းခင် ၂၀၁၃ ခုနှစ်တည်းက ရထားလမ်း အဆင့်မြှင့်တင်ရေး စီမံကိန်းတွေနဲ့ပတ်သက်ပြီး ဆာဗေးကောက်ပြီး ကွင်းဆင်စစ်ဆေးတာတွေ စခဲ့တယ်။ ၂၀၁၈ မှာ စပြီးတော့ ဒီစီမံကိန်းကို အကောင်အထည်ဖော် စလုပ်ဆောင်တယ်။ ဒီစီမံကိန်းထဲမှာပါတဲ့ အဆောက်အအုံတွေနဲ့ ရထားလမ်းတွေကို စစ်ရေးအတွက် မသုံးဘူးလို့ စာချုပ်တွေမှာ ပါပြီးသားပါ။ ဒါပေမယ့်လည်း တကယ့်လက်တွေ့မှာတော့ ဂျပန်က မကာကွယ်ပေးနိုင်ဘူး”ဟု ရထားလမ်းစီမံကိန်းတွင် ပါဝင်သည့် လုံခြုံရေးအရ အမည်မဖော်လိုသူ တစ်ဦးက ပြောသည်။
ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီဖြစ်သည့် JICA သည် အာဏာသိမ်းဖြစ်စဉ်မတိုင်ခင်က မြန်မာနိုင်ငံ ဖွံ့ဖြိုးရေးအတွက် ချေးငွေများ ပေးအပ်ခဲ့ရာတွင် စစ်ကောင်စီမှ ထိန်းချုပ်ထားသော မြန်မာမီးရထားလုပ်ငန်းမှ ဒေါ်လာသန်းပေါင်းများစွာ လက်ခံရရှိခဲ့ကြောင်းလည်း JFM ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စစ်ကောင်စီလက်ထက်တွင် ရထားလမ်း အဆင့်မြှင့်တင်ရေး စီမံကိန်းများ ဆက်လက်လုပ်ကိုင်နေခြင်းသည် စစ်ကောင်စီအား တရားဝင်ဖြစ်မှုပေးသည့်အပြင် မြန်မာနိုင်ငံတွင် စစ်ကောင်စီမှ ကျူးလွန်မည့် စစ်ရာဇဝတ်မှုများနှင့် လက်နက်ခဲယမ်းများ၊ ထောက်ပံ့ရေး ပစ္စည်းများအား သယ်ယူပို့ဆောင်ရန်အတွက် ထောက်ပံ့ ပို့ဆောင်ရေးစွမ်းရည်အား မြှင့်တင်ပေးရာ ရောက်ကြောင်းလည်း ဆိုသည်။