မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ရေလယ်ကျွန်းဒေသကို စစ်ကောင်စီတပ်က ၃ရက်ဆက်တိုက်မီးရှို့ခဲ့ရာ နေအိမ်နှင့် အဆောက်အအုံ ၆၉၀ခန့် မီးလောင်ပျက်စီးခဲ့ပြီး ဒေသခံ၃သောင်းနီးပါး စားဝတ်နေရေးခက်ခဲနေကြောင်း ရေစကြိုမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။
ရေစကြိုမြို့နယ်၊ရေလယ်ကျွန်းဒေသကို စစ်ကောင်စီတပ် က မေလ ၂၆ရက်နေ့မှ မေလ ၂၈ရက်နေ့အထိစစ်ကြောင်းထိုးဝင်ရောက် မီးရှို့ခဲ့ပြီး နေအိမ်နှင့်အဆောက်အအုံအပါအဝင် မော်တော်၊ကောက်ပဲသီးနှံနှင့် ဆန်စပါးများ မီးလောင်ပျက်စီးခဲ့သည့်အတွက်ပြည်သူများ အိုးမဲ့အိမ်မဲ့ဖြစ်ကာ စားဝတ်နေရေးခက်ခဲနေခြင်းဖြစ်သည်။
“ အားလုံးကတောင်သူလယ်သမားတွေဖြစ်တဲ့အတွက်ကြောင့်နေရေးထိုင်ရေးလည်းအခက်ခဲရှိတယ်၊ရိတ်သိမ်းထားတဲ့ကောက်ပဲသီးနှံတွေလည်းမရောင်းချလိုက်ရတော့ မီးထဲပါသွားတယ်၊အခုအချိန်မှာစားဝတ်နေရေးအခက်အခဲတွေရှိနေတယ် “ ဟု ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှသတင်းနှင့်ပြန်ကြားရေးတာဝန်ခံကပြောသည်။
ရေစကြိုမြို့နယ်အတွင်းရှိ မီးရှို့ခံ နှင့် စစ်ဘေးရှောင်ပြည်သူများကို ထိရောက်စွာ အကူအညီပေးနိုင်ရေးအတွက် Emergency Response Team အမည်ဖြင့် ကော်မတီတစ်ရပ်ဖွဲ့စည်းထားကာအရေးပေါ် စား ဝတ် နေရေး နှင့် ကျန်းမာရေးအတွက် ဖြေရှင်း ပေးနေသည့်အတွက် ရေစကြိုမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့်ERT Commettee ထံသို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်းသိရသည်။
ရေလယ်ကျွန်း ဒေသက ကျေးရွာ၂၇ရွာကိုစစ်ကောင်စီတပ်မီးရှို့ခဲ့ခြင်းဖြစ်ပြီး ဒေသခံ ၂၈၀၀၀ခန့်အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့သည်။