ရှမ်း-ကယားနယ်စပ်၊ဖယ်ခုံမြို့နယ်အတွင်း ၃လတာ ဖြစ်ပွားခဲ့သည့် တိုက်ပွဲ၌ စစ်ကောင်စီတပ်က စစ်ကြောင်းမှူး အပါအဝင် စစ်သား၆၂ဦး သေဆုံးခဲ့ကြောင်း ဖယ်ခုံPDFက ထုတ်ပြန်လိုက်သည်။ ၂၀၂၃ခုနှစ်၊ဧပြီလ ၁ရက်နေ့မှ ဇွန်လ ၂ရက်အတွင်း ဖြစ်ပွားခဲ့သည့် ဖယ်ခုံ အနောက်ခြမ်း တစ်ဝိုက် တိုက်ပွဲများ၌ စစ်သား အများအပြားလည်း ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဖယ်ခုံPDF၏ တာဝန်ရှိသူတစ်ဦးကပြောသည်။
“ တိုက်ပွဲက ၃လပိုင်းလဝက်လောက်ထဲကစနေတာပေါ့။အခုစာရင်းထုတ်တာတော့ လေးလပိုင်းကနေ မနေ့ကအထိပေါ့။စစ်တပ်ဘက်က အရာရှိတွေရော၊စစ်ကြောင်းမှူးတွေရော ကျဆုံးပါတယ်” ဟု ၎င်းကပြောသည်။
၃လတာ တိုက်ပွဲအတွင်း ထိတွေ့မှုအကြိမ်ရေ ၅၀ကျော် ရှိခဲ့ပြီး စစ်ကောင်စီ တပ်မ ၆၆ လက်အောက်ခံ တပ်ရင်းများသည် ဖယ်ခုံမြို့ အနောက်ဘက်ခြမ်း လွယ်ဟွဲ၊လွယ်လုံရွာဘက်ကို စစ်ကြောင်းတစ်ကြောင်း၊ ခေါင်းအိနဲ့ စက်တော်ရွာဘက်သို့ စစ်ကြောင်းတစ်ကြောင်း နှင့် လတူးဘက်သို့ စစ်ကြောင်းတစ်ကြောင်း ဖြင့် စစ်ကြောင်းထိုးခဲ့ခြင်းဖြစ်သည်။
“လေကြောင်းက ပစ်တာတော့ ရက်၃၀နီးပါးပေါ့။အကြိမ်ရေနဲ့ဆို ၄၀ကျော်ပါတယ်” ဟု ၎င်းကပြောသည်။
၃ လတာ တိုက်ပွဲကို ဖယ်ခုံ PDF (တပ်ရင်းအမှတ် – ၁၀၀၂) နှင့်အတူ KNDF, PDF-Loikaw, DMO-PDFs စစ်ကြောင်း၊ DMO Local-PDFs စစ်ကြောင်း၊ MBPDF (1001 နှင့် 1007), တပ်ရင်းအမှတ် 1008, 1009, 1003, KRU, NPT-PDF တပ်ရင်းများ နှင့် အလယ်ပိုင်းတိုင်း အထူး တပ်ဖွဲ့ တို့ ရင်ဆိုင်ကာ ပူးပေါင်းတိုက်ပွဲဝင်ခဲ့ကြကြောင်းသိရသည်။