မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ အင်ပင်စစ်ကောင်စီစစ်ဆေးရေးဂိတ်အား ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များမှ ဒရုန်းများဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ပခုက္ကူမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံမှ သိရသည်။
ဇွန်လ ၂ ရက်နေ့ နံနက် ၁၁ နာရီ ၄၅ မိနစ်မှ မွန်းလွဲ ၂ နာရီ ၄၅ မိနစ်အချိန်ခန့်အထိ ၃ နာရီကြာ ဒရုန်းအမြောက်အမြား၊ 1Kg၊ 2Kg ဗုံး သီးအမြောက်အမြားဖြင့် သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
“သူတို့ loader (မြေထိုးကားပုံစံ) တွေနဲ့ ဟိုတလောရက်က လမ်းပိတ်ဆို့ဖို့ လုပ်ခဲ့တာပါခင်ဗျ။ အင်အားအနေနဲ့ ခန့်မှန်းခြေ ၃၀ အထက်ရှိပါတယ်ဗျ။ အဲ့ဒါကို ကျနော်တို့ ပကဖတပ်ဖွဲ့ဝင်တွေက ဒရုန်းအမြောက်အမြားနဲ့ ၃ နာရီကြာတိုက်ခိုက်ခဲ့တာပါ”ဟု ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက MPA သို့ ပြောသည်။
အဆိုပါ အင်ပင်ဂိတ်သည် မြိုင်မြို့နယ်အတွင်းမှ ကုန်တင်ကားများအားစစ်ဆေး၍ မြိုင်မြို့နယ်ရဲစခန်းမှ ထောက်ခံစာမပါလျှင် ပခုက္ကူဘက်သို့ ဝင်ရောက်ခွင့်မပြုဘူးဟု အသိပေးထားသည့် ဂိတ်ဖြစ်ကြောင်း မြိုင်မြို့နယ်ကုန်တင်ကားသမားများထံမှ သိရသည်။
“မြိုင်ရဲစခန်းက ထောက်ခံစာမပါရင် ပခုက္ကူဘက်သွားလို့ မရဘူး။ ပခုက္ကူကို လိုချင်တဲ့ကုန်တွေမှာပြီး သူတို့ကိုလာပို့ခိုင်းရတယ်။ အင်ပင်ဂိတ်ဒီဘက်ရောက်မှ ပြန်ကဲ့သယ်ရတာပေါ့။ ရဲစခန်းသွားရင်လည်း ကားထိုးရမယ်ပြောတယ်။ သူတို့ကို မယုံဘူးလေ”ဟု မြိုင်မြို့နယ်ကားသမားတစ်ဦးက MPA သို့ ပြောသည်။
အဆိုပါ စစ်ဆင်ရေးအား ပခုက္ကူခရိုင်တပ်ရင်း – ၁၃၊ ပခုက္ကူပြည်သူ့ကာကွယ်ရေးအဖွဲ့ တပ်ခွဲ – ၁၊ RDF(Royal Defence Force)၊ Black Cheetah၊Hero New GZ၊ PPDF (ပခုက္ကူ People defence force)၊ MFDF (Myaing Fighter Defence Force)၊ MSPDF (Myaung Special People Defence Force) နှင့် ကျားသစ်နက် တပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု စုံစမ်းသိရှိရသည်။
“ဟုတ်ကဲ့ ရန်သူ့စခန်း အတော်နီးကပ်တဲ့အတွက် အကျအဆုံး ခန့်မှန်းမရပါဘူး။ သူတို့ဘက်က ပြန်ပစ်ခတ်မှုရှိပါတယ်ဗျ။ ကျနော်တို့ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ပါတယ်”ဟု ပခုက္ကူမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက ဆက်ပြောသည်။
ထိုရက်တစ်ရက်တည်းတွင်ပင် ပခုက္ကူမြို့နယ်၊ ကိုးပင်ရွာအနီးရှိ အထည်ချုပ်စက်ရုံတွင် တပ်စွဲထားသော စစ်ကောင်စီစစ်ဆေးရေးဂိတ်အား မွန်းလွဲ ၂ နာရီခန့်တွင် ဒေသကာကွယ်ရေးပူးပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့သေးသည်ဟု စုံစမ်းသိရှိရသည်။