မကွေးတိုင်း၊ဂန့်ဂေါမြို့နယ်အတွင်း စစ်ကောင်စီတပ်က ပျူစောထီးလုပ်ရန် ဖိအားပေးနေမှုကြောင့် ရွာလုံးကျွတ်နေရပ်စွန့်ခွာတိမ်းရှောင်လာသည့် ပြည်သူများကို ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့များက နေထိုင်စရာယာယီတဲဆောက်လုပ်ပေးထားကြောင်း ABSDF Column-3 ထံကသိရသည်။
မေလ ၂၅ ရက်နေ့တွင် တောင်ခင်ရန်းရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်ပြီးနောက် စစ်ကောင်စီတပ်က မေလ ၂၈ ရက်နေ့၌ တောင်ခင်ရန်းကျေးရွာအတွင်းရှိပြည်သူများအား တစ်အိမ်လျှင် တစ်ယောက်မဖြစ်မနေ ပျူစောထီးလုပ်ရန် ဖိအားပေးခြင်းဖြစ်ကြောင်းသိရသည်။
“ကျနော်တို့ တော်လှန်ရေးရဲဘော်တွေက တောထဲက သစ်၊ဝါးတွေခုတ်ပြီး ယာယီတဲဆောက်လုပ်ပေးတာပါ။ကုန်ကျစရိတ်ကလည်းသိပ်တော့မကျပါဘူး။တချို့ကလည်း ဆွေမျိုးရှိရာတွေဆီနေကြတာ။တချို့ကလည်း သူ့အစုနဲ့သူနေကြတာ။တောင်ခင်ရန်းက အိမ်ခြေ၇၀၀လောက်ရှိတယ်ရွာကြီး။နေရပ်စွန့်ခွာလာသူတွေကို စာရင်းအရပြောဖို့တော့ခက်တယ်”ဟု ABSDF စစ်ကြောင်း-၃ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ပြည့်ဖြိုးကျော် ကပြောသည်။
ဂန့်ဂေါမြို့ အခြေစိုက် ခလရ (၅၀)က စစ်ကြောင်းထိုးမှုများရှိနေပြီး မြောက်ခင်ရန်းရွာအထိ စစ်ကြောင်းထိုးနိုင်ကြောင်းလည်းသိရသည်။
“စကစ စခန်းထိုင်ထားတဲ့ ရွာအပြင်ထွက်လာရင်တော့ တော်လှန်ရေးနယ်မြေဆိုတော့ သိပ်ပြီးမထူးဆန်းတော့ပါဘူး။နေရပ်စွန့်ခွာသူတွေ ပြန်ဖမ်းမိတယ်လို့လည်း မကြားသေးဘူးဗျ။ရွာထဲက ကျန်ခဲ့တဲ့ နေအိမ် တွေက ပစ္စည်းတွေကို စစ်သားတွေခိုးတာ၊ဖျက်ဆီးတာမျိုးလောက်ပဲရှိတယ်”ဟု ၎င်းကဆိုသည်။
မေလ ၃၀ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်တွင် ဂန့်ဂေါမြို့နယ် မြောက်ဘက်ခြမ်းရှိကျေးရွာများသို့ စစ်ကြောင်းထိုးလာသည့် စစ်သားများကို တော်လှန်ရေးတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်းသိရသည်။
ယင်းသေဆုံးမှုအပေါ် MPA အနေဖြင့် သီးခြားအတည်မပြုနိုင်ပေ။