စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေး မတည်ငြိမ်မှု အခြေအနေများကြောင့် ပြည်တွင်းဆန်ဈေးနှုန်းဟာ တဆဆ မြင့်တက်လာခဲ့ကာ ယခုနှစ် သင်္ကြန်မတိုင်ခင်က ရွှေဘိုပေါ်ဆန်းထိပ်စ တစ်အိတ်လျှင် ကျပ် ၉၃၀၀၀ အထိ မြင့်တက်လာခဲ့ရာမှ ယခု ဇွန်လဆန်းတွင် တစ်အိတ်လျှင် ၁၁၀၀၀၀ ကျပ် အထိ ထပ်မံ မြင့်တက်လာခဲ့ကြောင်း ဈေးကွက်မှ စုံစမ်းသိရသည်။
ဆန်နှင့် အခြေခံ စားသောက်ကုန်ဈေးနှုန်း မြင့်တက်လာမှုကြောင့် ပြည်သူများ၏ အခြေခံလစာရရှိမှုမှ စားရေးသောက်ရေး ပြန်လည်သုံးစွဲရသည့်အခါ မညီမျှကွာဟချက်သည် ပိုမိုဆိုးလာကာ ပိုပြီးခက်ခဲလာကြောင်း သိရသည်။
“ကျနော်တို့ လက်လုပ်လက်စားသမားတွေ ဘဝကတော့ အဆိုးဆုံးပေါ့ဗျာ။ ဘေးတွဲဆိုင်ကယ်ဆီဖိုးက ဈေးတက်၊ ဆန်ဈေးက တက်ဆိုတော့ အိမ်က မိသားစု ငါးယောက်အတွက် အတော်ရုန်းနေရတယ်။ အမျိုးသမီးက တဖက် မုန်းရောင်းတာတောင် မလောက်ငှဘူး။ ဒီကြားထဲမှာ ဟိုလူ့ကြောက်ရ ဒီလူ့ကြောက်ရနဲ့ မလွယ်ပါဘူးဗျာ” ဟု မိသားစု ငါးဦးဝန်ကို ထမ်းနေရသည့် ရန်ကုန်မြို့နေထိုင်သူ ဘေးတွဲဆိုက်ကားဆရာ ကိုကိုကျော် (အမည်လွှဲ) မှ ဆိုသည်။
နိုင်ငံရေး မတည်ငြိမ်မှု၏ နောက်ဆက်တွဲ ဆိုးကျိုးများအနေနှင့် တရားဥပဒေ စိုးမိုးမှု ပိုမို အားနည်းလာခြင်း၊ အလုပ်အကိုင် ရှားပါးမှု များပြားလာခြင်းနှင့် အခြေခံ စားသောက်ကုန်ဈေးနှုန်းများ အဆမတန် မြင့်တက်လာမှုများဒဏ်ကို အလူးအလဲ ခံစားနေရသူများမှာ အခြေခံလူတန်းစားများ ဖြစ်ကြကာ အသက်မသေယုံ စားသောက်နေရသည့် အခြေအနေများ ဖြစ်လာကြသည်။
“ အမတို့ကထမင်းဆိုင်ဖွင့်တာလေ၊ ဆန်ကကျ ဧရာမင်းအဟောင်းပဲသုံးပြီးရောင်းတာ၊ အခုဈေးတက်တော့ကိုယ့်အတွက်သိပ်မကျန်ဘူးအမြတ်က၊ ပင်ပန်းတာပဲအဖက်တင်တယ်” ဟု မြို့ပြနေ ပြည်သူတစ်ဦးက ဆိုသည်။
သင်္ကြန်နှောင်းပိုင်းတွင် ဆန်ဈေးနှုန်းများ တစ်စတစ်စမြင့်တက်လာခဲ့ရာ ယခု ဇွန်လဆန်းတွင် အထိ ဆက်လက်မြင့်တက်လျက်ရှိကြောင်း နီးစပ်ရာဆန်စပါးဒိုင်မှ သိရှိရသည်။
“ဒီအချိန်က ဆန်ဈေးတွေ စတက်တဲ့အချိန်၊ မိုးတွင်းရောက်တော့မယ်ဆိုတော့ ကျဖို့မရှိဘူး။ ပြီးတော့ မီးက အမြဲပျက်နေတော့ ဆန်စက်တွေက သိပ်မလည်ပတ်နိုင်တာတွေ၊ လုပ်အားတွေရော၊ ဓာတ်မြေသြဇာတွေ၊ မြေဆီတွေဈေးတက်တော့ စပါးဈေးတွေပါ တက်တာ၊ လေးငါးခြောက်လလောက်ဆိုရင် မှိုစွဲတာတို့ ဘာတို့ ဖြစ်တော့ ဆန်က ကြာကြာသိုလှောင်ဖို့ အဆင်မပြေဘူး” ဟု ဆန်လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။
၎င်းက ဆက်ပြီး “ အကိုတို့က အရင်းတအိတ်ကို ၅၅၀၀၀ နဲ့ ဝယ်ရင် ၆၀၀၀၀ နဲ့ ပြန်ရောင်းရတယ် ကုန်ကျစရိတ် တွက်ချက်ပြီး နောက်တခါ ဝယ်တော့ ၅၅၀၀၀ နဲ့ မရတော့ဘူး အရင်းက ၆၀၀၀၀ ဖြစ်သွားပြီး ၆၅၀၀၀ နဲ့ ပြန်ရောင်းရတော့၊ အရင်းအနှီးထပ်လိုက်ရတဲ့ အခက်အခဲတော့ ရှိတာပေါ့” ဟု ဆန်ဆိုင်တဆိုင်ရဲ့ ကြုံနေရသည့် အခြေအနေကို ပြောပြသည်။
ယခင်နှစ် ၂၀၂၂ ခုနှစ် မေလကုန်နှင့် ဇွန်လဆန်းတွင် ရွှေဘိုပေါ်ဆန်းအသစ်နှင့် ရွှေဘိုပေါ်ဆန်းထိပ်စ တစ်အိတ်လျှင် ကျပ် ၆၅၀၀၀ မှ ယခုနှစ် ၂၀၂၃ မေလတွင် တအိတ်လျှင် ကျပ် ၁၁၀၀၀၀ အထိ မြင့်တက်လာခြင်း ဖြစ်သည်။
ပြီးခဲ့သည့်နှစ် ၂၀၂၂ ဇွန်လဆန်းတွင် ဇီယာနှင့် ဆင်းသွယ်ဆန် တစ်အိတ်လျှင် ကျပ် ၃၃၀၀၀ မှ ယခုနှစ် ဇွန်လဆန်းတွင် ဇီယာတအိတ်လျှင် ကျပ် ၆၅၀၀၀ နှင့် ဆင်းသွယ်တစ်အိတ်လျှင် ကျပ် ၇၃၀၀၀ အထိ အသီးသီး မြင့်တက်ခဲ့ကြောင်း စုံစမ်းသိရသည်။
ယခင်နှစ် ယခုလို အချိန်တုန်းက ရိုးရိုး ပေါ်ဆန်းတအိတ်လျှင် ကျပ် ၄၅၀၀၀ အထိသာ ရှိခဲ့ရာမှ ယခုနှစ်တွင် တအိတ်လျှင် ကျပ် ၈၆၀၀၀ အထိ၊ တောင်ပြန်တအိတ်လျှင် ကျပ် ၅၅၀၀၀ မှ ယခုနှစ်တွင် ကျပ် ၉၇၀၀၀ အထိ အသီးသီးမြင့်တက်လျက်ရှိကြောင်း သိရှိရသည်။