မကွေးတိုင်း၊ ပခုက္ကူမြို့နယ် စက်မှု(၁) ရှေ့ရှိ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်ကို PDF များက ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ကြောင်း Young Force-UG ကထုတ်ပြန်သည်။
ဇွန်လ ၂ ရက်၊ မွန်းလွဲ ၂နာရီခွဲခန့်တွင် ပခုက္ကူမြို့နယ်၊ကိုးပင်ကျေးရွာအနီး စစ်သား၁၅ဦးခန့်တပ်စွဲထားသော စက်မှု(၁) အထည်ချုပ်စက်ရုံ ရှေ့ စစ်ဆေးရေးဂိတ်ကို ဒရုန်း ၅ စီးဖြင့် ဗုံးသီး ၁၀ လုံးကြဲချခဲ့ခြင်းဖြစ်သည်။
“အထည်ချုပ်စက်ရုံ ရှေ့က စစ်ဆေးရေးဂိတ်ကို ဒရုန်းနဲ့ချတာ။အဲ့ဒီဂိတ်မှာက အမြဲတမ်းစစ်သား ၁၅ ယောက်လောက်ရှိတယ်။ဒရုန်း ၅ စီး နဲ့ချတာဆိုတော့ စစ်သားတွေ အထိအခိုက်များတယ်။စစ်ကား ၂ စီးနဲ့ဒဏ်ရာရစစ်သားတွေကိုလာပြီး ကားပေါ်တင်နေချိန်မှာလည်း ဒရုန်းနဲ့ထပ်ချတော့ ကားတွေ ဇွတ်မောင်းပြေးသွားတာ”ဟု Young Force-UG မှ အထွေထွေတာဝန်ခံ ကပြောသည်။
ပခုက္ကူမြို့မှ စစ်ကား ၂ စီးဖြင့် ဒဏ်ရာရစစ်သားများကို လာရောင်တင်ဆောင်နေချိန် ထပ်မံ ဗုံးသီးချတိုက်ခိုက်ခံရပြီးနောက် စက်မှု-၁ နှင့် အင်ပင်ဂိတ် မှ လက်နက်ကြီးဖြင့် ညနေ ၆ နာရီခွဲထိ ရမ်းသန်းပစ်ခတ်နေကြောင်းသိရသည်။
“အတော်များများတော့ ဒဏ်ရာရသွားကြမှာ။ သေတယ်၊ မသေဘူးသာမသိတာ။ပခုက္ကူဆေးရုံမှာ ဆေးကုနေတယ်လို့သိရတယ်။ဗုံးသီးများများရှိရင် မစ်ရှင်အောင်မြင်အောင်လုပ်လို့ရတယ်။ခုက မစ်ရှင်လုပ်ဖို့တောင် ဆီအကြွေးထည့်သွားနေရတော့ စိတ်သွားတိုင်း ကိုယ်မပါဘူးဆိုသလိုဖြစ်နေတာပေါ့ဗျာ” ဟု၎င်းကဆိုသည်။
အဆိုပါတိုက်ခိုက်မှုကို Young Force-UG(ပခုက္ကူမြို့နယ် ပကဖ(တပ်ဖွဲ-၂)၊မောင်သုည(မြိုင်)နှင့် Thurain-TR(တပ်ခွဲ)တို့မှပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။