မကွေးတိုင်း၊ရေစကြိုမြို့နယ်အတွင်း စစ်ကောင်စီတပ်ကို ၁ရက်တည်းနှင့် မိုင်း ၃ကြိမ်ဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား၆ဦးသေဆုံးခဲ့ကြောင်း သိရသည်။
ဇွန်လ ၁ရက်နေ့ နံနက် ၈နာရီ ၄၅မိနစ်ခန့်က ရေစကြိုမြို့နယ်၊ ခလရ(၂၅၈ )တပ်မှ စစ်သား၄၀ ခန့် တို့သည် တောင်အိုတာတိုင်ကျေးရွာအထိုင်ဂိတ်သို့ ထွက်လာပြီး ကံသစ် နှင့် ကြီးကံရွာကြား၌ မိုင်းရှာဖွေနေစဉ် ပဒေသာမိုင်း ၁၈လုံး ဖြင့် မိုင်းဆွဲတိုက်ခိုက် ခဲ့ကြောင်း ရေစကြိုမြို့နယ်ပကဖ ကထုတ်ပြန်သည်။
မိုင်းဆွဲတိုက်ခိုက်ခြင်းကြောင့် မိုင်းရှာနေသည့်စစ်သား၆ဦးသေဆုံးပြီး ၈ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့သည်ဟု ရေစကြိုပကဖ ၊သတင်းနှင့်ပြန်ကြားရေးတာဝန်ခံကပြောသည်။
ဇွန်လ ၁ရက်နေ့၊ နေ့ခင်း ၁၁နာရီခန့်ကလည်း ရေစကြိုမြို့နယ် ၊အောင်မိုးလမ်းဆုံနားတွင် စစ်သား ၃၀ခန့် တင်ဆောင်လာသည့်ဖောကားတစ်စီးကို ပဒေသာမိုင်း ၅လုံးတွဲ၂တွဲဖြင့် မိုင်းဆွဲခဲ့သည့်အပြင် လက်လုပ် ၄၀(မမ)လက်နက်ကြီးနှင့်ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။
ထို့အပြင်မွန်းလွဲ ၂နာရီ ခန့်ကလည်း ရေစကြိုမြို့ပေါ်သို့ဝင်လာသည့်စစ်သားများကို မြို့အဝင်ဘက်စုံခြံနားတွင် ပဒေသာမိုင်း ၃လုံးတွဲ၂တွဲဖြင့် ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့သေးကြောင်း ရေစကြိုပကဖ ကထုတ်ပြန်သည်။
“ ပထမမိုင်းဆွဲတော့ သေတဲ့သူတွေကို ကျနော်တို့ရဲဘော်တွေမျက်မြင်တွေ့ခဲ့တာပါ၊နောက်နှစ်ကြိမ်မှာသေဆုံးတဲ့ အသေးစိတ်ကိုမသိရသေးဘူး” ဟု ေရစကြိုပကဖ၊သတင်းနှင့်ပြန်ကြားရေးတာဝန်ခံကပြောသည်။
စစ်သားများ မိုင်းဆွဲခံရပြီးသေဆုံးထိခိုက်မှုနှင့်ပတ်သက်ပြီး MPA အနေနှင့်သီးခြားအတည်မပြုနိုင်သေးပေ။