KNU၊ ဒူးပလာယာခရိုင်၊ ဝင်းရေးမြို့နယ်၊ နို့ဖာထော (သပြေကုန်း) ရွာတွင် (၂၀၂၃-၂၀၂၄) ပညာသင်နှစ်၊ နို့ဖာထော အထက်တန်းကျောင်းဖွင့်လှစ်ခြင်း အခမ်းအနားကို ယမန်နေ့က ကျင်းပပြုလုပ်ခဲ့သည်ဟု ဒူးပလာယာခရိုင်-သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူထံမှ သိရသည်။
၂၀၂၃ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့တွင် ကရင့်ပညာရေးနှင့် ယဥ်ကျေးမှုဌာန (Karen Education & Culture Department – KECD) မှ ကျောင်းဖွင့်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကျောင်းဖွင့်ပွဲအခမ်းအနားတွင် ဝင်းရေးမြို့နယ်ဥက္ကဋ္ဌ ပဒိုစောမောင်ရွှေမှ ကရင့်ပညာရေးကိစ္စနှင့် ပတ်သက်၍ အကြံပြုတိုက်တွန်းအမှာစကားများပြောကြားခြင်း၊ သက်ဆိုင်ရာပညာရေး တာ၀န်ရှိသူများနှင့် ကျောင်းကော်မတီဝင်များမှလည်း ယခုနှစ် စာသင်နှစ်အခြေအနေများအား ရှင်းလင်းပြောကြားခြင်းများ ပြုလုပ်ခဲ့သည်ဟု ဆိုသည်။
“ ၆ လပိုင်းဖွင့် ၂ လပိုင်းပိတ် ၃ လပိုင်း ကျောင်းဆင်းပွဲလုပ်၊ သင်ကြားတာကတော့ ကရင်စာအပါအဝင် ဘာသာစုံသင်ကြားပေးတယ်။ K-G ကနေ Grade-12 အထိ ရှိတယ်” ဟု အမည်မဖော်လိုသည့် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
နို့ဖာထောအထက်တန်းကျောင်းတွင် ကျောင်းဆရာ၊ ဆရာမ ပေါင်း (၁၀) ယောက်ကျော်ရှိပြီး ကျောင်းသားကျောင်းသူပေါင်း (၂၀၀) ကျော် ကျောင်းလာရောက်အပ်နှံခဲ့သည်ဟု ကျောင်းတာ၀န်ရှိသူများထံက သိရသည်။
ကရင့်ပညာရေးနှင့်ယဥ်ကျေးမှုဌာန (Karen Education & Culture Department – KECD) သည် ကရင်ပြည်နယ်တစ်ဝန်းရှိ အခြေခံပညာရေး၊ အဆင့်မြင့်ပညာရေးနှင့် အသက်မွေးဝမ်းကျောင်းပညာရေးဝန်ဆောင်မှုများကို စီမံခန့်ခွဲပေးသည့် အုပ်ချုပ်ရေးအဖွဲ့တစ်ခု ဖြစ်သည်။