တနင်္သာရီတိုင်း၊ထားဝယ်မြို့၊ကမြောကင်းတံတားအနီး ကင်းပုန်းဝပ်နေသည့် စစ်သားများနှင့် ဝန်ကြီးအိမ်ရာကို လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)က လက်နက်ကြီးဖြင့် ၉ချက်ပစ်ခတ်ခဲ့ကြောင်း သိရသည်။
မေလ ၃၁ရက်နေ့၊ည ၁၁နာရီခန့်က တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထိခိုက်သေဆုံးပျက်စီးမှုများကို အတည်မပြုနိုင်သေးကြောင်း လောင်းလုံး ပကဖ၊ ပြန်ကြားရေးတာဝန်ခံက ပြောသည်။ “ လောင်းလုံးမြို့နယ် သဲပုံရွာ(အင်းဝတောင်)မှာ စကစတွေက စခန်းဆောက်နေကြတယ်။အဲ့စခန်းသစ်ဆောက်နေတဲ့အတွက် လမ်းတစ်လျှောက် ကင်းချထားတယ်။ကမြောကင်းတံတားနားတစ်လျှောက်ပေါ့။ကင်းချထားတဲ့နေရာနဲ့ ဝန်ကြီးအိမ်ရာတွေ ကို လက်နက်ကြီးနဲ့ ထုတာပါ” ဟု ၎င်းကပြောသည်။
လက်နက်ကြီး ၆လုံးကို ကမြောကင်းတံတားအနီးရှိ ကင်းပုန်းများရှိရာသို့ ပစ်ခဲ့ပြီး ထားဝယ်မြို့၊ဝန်ကြီးအိမ်ရာဝန်းအတွင်းသို့ လက်နက်ကြီး ၃လုံး ပစ်လွှတ်ခဲ့ကြောင်း သိရသည်။ “ လက်နက်ကြီးကတော့ ၈၁ (မမ)ပေါ့။လက်လုပ်ပါပဲ။ဝန်ကြီး အိမ်ယာထဲကို ၃လုံးကျတယ်။ကင်းပုန်းတွေရှိရာကို ၆လုံးပစ်လိုက်တယ်။ထိခိုက်ပျက်စီးမှုကတော့ သေချာမသိရသေးဘူး” ဟု ၎င်းကပြောသည်။
လက်နက်ကြီးပစ်ခတ်ခံရပြီးနောက် အင်အား ၄၀ပါစစ်ကြောင်းဖြင့် ကမြောကင်း ကျေးရွာအတွင်း သို့ ဇွန်လ ၁ရက်နေ့က ဝင်ရောက်ရှာဖွေခဲ့ကြောင်း MPAက စုံစမ်းသိရသည်။