၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် စစ်ကောင်စီမှ ယမန်နေ့ ဇွန်လ ၁ ရက်နေ့က စာသင်ကျောင်းများအား ပြန်လည်ဖွင့်လှစ်ခဲ့ပြီး ကျောင်းအပ်နှံသူဦးရေသည် တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ၆ သန်းခွဲနီးပါး ရှိကြောင်း သိရသည်။
အာဏာသိမ်းပြီးနောက် စစ်ကောင်စီမှ စာသင်ကျောင်းများပြန်လည်ဖွင့်လှစ်ခဲ့ရာတွင် ပြီးခဲ့သည့် နှစ် ၂၀၂၂-၂၀၂၃ ခုနှစ်အတွင်း နိုင်ငံအဝန်း၌ နေပြည်တော်ကောင်စီနယ်မြေ အပါအဝင် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၅,၂၄၀,၃၂၃ ဦးရှိခဲ့ကာ ယခုနှစ်တွင် ကျောင်းအပ်နှံသူ ၆ သန်းခွဲနီးပါးရှိကြောင်း စစ်ကောင်စီ၏ ထုတ်ပြန်ချက်များအရ သိရသည်။
“တချို့ကလေးတွေ ကျောင်းသွားတာတွေ့ရတော့ အိမ်က ကလေးကိုလည်း ထားချင်တာပေါ့နော်။ ဒါပေမယ့် စားဝတ်နေရေးအဆင်မပြေတွေ ရှိနေသေးတော့ မထားနိုင်သေးဘူး။ ကလေးကတော့ ကျောင်းတက်ချင်တာပေါ့။ အမေ့ကိုပဲ ဝိုင်းကူမယ်ပဲ ပြောပြီး ဈေးဝိုင်းရောင်းပေးနေတယ်။ ဘုန်းကြီးကျောင်းမှာလည်း ထားလို့တော့ ရပေမယ့် ဈေးရောင်းရတဲ့ အချိန်နဲ့ ကျောင်းချိန်တွေက တိုက်တော့ မတက်တော့ဘူးလို့ဘဲ ကလေးက ပြောတာပေါ့”ဟု ရန်ကုန်မြို့မှ ခေါင်းရွက်ပန်းသည် မိခင်တစ်ဦးက ပြောသည်။
၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ကျောင်းအပ်နှံသူ ခြောက်သန်းခွဲနီးပါး (၆,၄၇၃,၃၅၀ ဦး) ရှိကာ နိုင်ငံတစ်ဝန်းရှိ အခြေခံပညာကျောင်း၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများတွင် မေ ၂၃ ရက်နေ့မှ ၃၁ ရက်နေ့အထိ အပ်နှံလာကြသည့် အရေအတွက်ဖြစ်ကြောင်း စစ်ကောင်စီ၏ ယနေ့ထုတ် သတင်းစာတွင် ဖော်ပြထားသည်။
“အမတို့က ကလေးကို အရင်နှစ်ကတည်းက ကိုယ်ပိုင်ကျောင်းမှာပဲ ထားလိုက်တယ်။ တတ်နိုင်တာတော့ မဟုတ်ဘူးလေ။ သူ့အဖေက ကားမောင်းတယ်။ ရတာကိုပဲ ချွေတာပြီးတော့ ထားလိုက်တာပေါ့။ ကျောင်းအသွားအပြန်ပဲ ဖြစ်ဖြစ် ပညာရေးပဲဖြစ်ဖြစ် အကုန်လုံးက စိတ်ချရတယ်လေ။ အခုက အစိုးရက သင်တဲ့ ကျောင်းတွေမှာဆိုရင် အရင်ကသင်တဲ့ ဆရာ၊ ဆရာမတွေ မရှိတော့ဘူးလေ။ ကလေးတွေကလည်း တာဝန်အရသာ ကျောင်းသွားနေရသလိုတွေ ဖြစ်နေကြတယ်။ ပြီးတော့ ကျောင်းနဲ့ မသက်ဆိုင်တဲ့ စစ်သားတွေကလည်း ကျောင်းအတွင်း အပြင်တွေမှာ ရှိနေကြတာပဲ”ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ရန်ကုန်မှ ကျောင်းသားမိခင်တစ်ဦးက ပြောသည်။
စစ်ကောင်စီသည် ကျောင်းသူ၊ ကျောင်းသားများနှင့် ဆရာ၊ ဆရာမများ ယာဉ်အန္တရာယ်ကင်းစေရန်အတွက် လုံခြုံရေးတပ်ဖွဲ့များ၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့၊ ရပ်ရွာအခြေပြုပြည်သူလူထုလုံခြုံရေးအဖွဲ့များ ပူးပေါင်းကာ တာဝန်ယူ လုပ်ဆောင်ပေးလျက်ရှိသည်ဟု ဆိုသည်။
“မနှစ်ကထက်တော့ ကျောင်းမှာ ကျောင်းသာတွေ ပြန်လာတက်ကြတာများတယ်။ အန်တီတို့ကတော့ အရင်နှစ် ကျောင်းတွေပြန်ဖွင့်တည်းက ထားတာပေါ့။ အဲ့ဒီတုန်းကတော့ ကလေးတွေက ကျောင်းလာတာ နည်းတယ်။ အခုနှစ်က များလာတယ်ပြောရမယ်။ အန်တီ့သမီးတွေရဲ့ အခန်းဆို ကျောင်းသားများတယ်လို့ ပြောတယ်။ အခန်းတွေထပ်ခွဲရတယ်လို့တော့ ပြောတယ်”ဟု ရန်ကုန်မြို့ တောင်ဒဂုံမြို့နယ်မှ ဒေသခံကျောင်းသားမိဘတစ်ဦးက ပြောသည်။
မိုခါမုန်တိုင်းဒဏ်သင့်ခဲ့ရသည့် ရခိုင်ပြည်နယ်တွင်လည်း စာသင်ကျောင်းများအား ပြန်လည်ဖွင့်လှစ်ကာ စာသင်ကြားပေးနေကြောင်း စစ်ကောင်စီ၏ ယနေ့ထုတ်သတင်းစာတွင် ထည့်သွင်းဖော်ပြထားသည်။
“ကျောင်းတွေကတော့ ပြန်ဖွင့်နေပါတယ်။ တက်တဲ့ကလေးလည်း တက်တယ်။ မတက်တဲ့သူလည်း မတက်ပေါ့။ ပြိုပျက်ထားတဲ့ ကျောင်းတွေလည်းရှိတယ်။ ကလေးတွေ အကုန်လုံးတော့ တက်ကြတာတော့ မတွေ့ရဘူး”ဟု ရသေ့တောင်မြို့နယ်မှ ဒေသခံတစ်ဦးက ပြောသည်။
စစ်ကောင်စီမှ မိုခါမုန်တိုင်းဒဏ်သင့်ခဲ့သည့် ရခိုင်ပြည်နယ်ရှိ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ အမ်း၊ မောင်တော၊ ရမ်းဗြဲ၊ မာန်အောင်၊ ဘူးသီးတောင်နှင့် ဂွမြို့နယ်တို့မှ စာသင်ကျောင်းများတွင် ကျောင်းသူ၊ ကျောင်းသားများ ပညာသင်ယူနေကြောင်း ဆိုသည်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ ၂၀၂၂ ခုနှစ်အတွင်း ထုတ်ပြန်ချက်များအရ စစ်တပ်မှ အာဏာသိမ်းပြီးနောက် ပညာရေးဝန်ထမ်း ၂ သိန်းခွဲကျော်သည် အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှုဖြစ်သည့် CDM လှုပ်ရှားမှုတွင် ပါဝင်နေကြသည်ဟု သိရှိရသည်။