မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်တွင် စစ်ကောင်စီတပ်မှ မကြာခဏဆိုသလို စစ်ကြောင်းထိုးနေခြင်း၊ ကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီတပ်များ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုများဖြစ်ခြင်း ကြောင့် ဒေသခံပြည်သူများမှာ စပါးစိုက်ပျိုးနိုင်မှုအခြေအနေမှာ နည်းပါးခဲ့တာကြောင့် ယခုနှစ်တွင် စပါးဈေးမှာ သိသိသာသာမြင့်တက်လာတာ ဖြစ်ကြောင်း စုံစမ်းသိရသည်။
စပါးခင်များကို ယခင်ကထက် အနည်းငယ်သာ လုပ်ကိုင်လာကြသဖြင့် စပါးအထွက်နည်းပြီး ဆန်စပါးရှားပါးခြင်း နှင့် စစ်ကောင်စီတပ်၏ အိမ်နှင့် စပါကျည်များ မီးရှို့ဖျက်ဆီးမှုများကြောင့် ဆန်များ ရှားပါးကာ ဆန်ဈေးနှုန်များ မြင့်တက်နေခြင်း ဖြစ်ကြောင်း ဒေသခံတချို့ထံမှ သိရသည်။
“ ဆန်ဈေးက မနောသုခ ၁တင်းကို ၅သောင်း၅ထောင် ဖြစ်နေတာ၊ ဒါတောင် လိုသလောက်ဝယ်လို့မရဘူး နည်းနည်းပဲ ဝယ်လို့ရတာ၊ တစ်ချို့တွေဆို ကိုယ့်အမျိုးနဲ့ ကိုယ်ပဲ ရောင်းကြတာ” ဟု ဒေသခံ တစ်ဦးထံမှ သိရသည်။
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလတွင် ဆန်ဈေးနှုန်းများသည် မနောသုခ ၁တင်းလျှင် (၂၅၀၀၀)ကျပ်သာ ရှိပြီး ယခု ဇွန်လတွင် ဆန် ၁ တင်းလျှင် ၅သောင်း ကျပ် မှ ၆သောင်း ကျပ် ကြား ရှိနေပြီ ဖြစ်ကြောင်း သိရသည်။
ဆန်ဈေးနှုန်း ကြီးမြင့်လာမှုကြောင့် လုပ်အားခ နည်းနည်းဖြင့် ငှားရမ်းလုပ်ကိုင်နေသော လက်လုပ်လက်စား မိသားစုများမှာ ဆန်ဝယ်ယူရန် အခက်အခဲ ဖြစ်နေကြောင်း စုံစမ်းသိရသည်။
“ အငှားလိုက်တာက တစ်မနက်မှ ၃၀၀၀ ပဲရတာ၊ဆန်က ၁တင်းကို ၅သောင်းကျော်ဆိုတော့ တစ်မနက်လုပ်အားခ က ဆန်တစ်ပြည်တောင် မရဘူး” ဟု လက်လုပ်လက်စား လုပ်ကိုင်သူ တစ်ဦးမှ ပြောသည်။
ပြီးခဲ့သည့် သုံး၊ လေးလကျော်ခန့်က ဆန်ဈေးနှုန်းများကို ပြည်သူများအနေနှင့် ဝယ်ယူစားသောက်နိုင် နေသေးသည့် အခြေအနေရှိနေရာမှ ယခု လပိုင်းအတွင်း နှစ်ဆခန့် မြင့်တက်လာသည့် ဆန်ဈေးနှုန်း ကြီးမြင့်မှုကြောင့် အခြေခံလူတန်းစားပြည်သူများမှာ နေရေးထပ် စားသောက်ရေးက ပိုပြီး ဒုက္ခရောက်နေပြီ ဖြစ်ကြောင်း ဒေသခံများက ပြောဆိုကြသည်။