သတင်းလွတ်လပ်ခွင့် နှင့် သတင်းမီဒီယာသမားများအား အကာအကွယ်ပေးရေးအတွက် လွတ်လပ်သော မြန်မာနိုင်ငံသတင်းစာဆရာများအစည်းအရုံး (IMJA) ကို တည်ထောင်လိုက်ကြောင်းသိရသည်။
လွတ်လပ်သော မြန်မာနိုင်ငံသတင်းစာဆရာများအစည်းအရုံး (IMJA)ကို စတင်တည်ထောင်လိုက်ကြောင်း ဇွန်လ ၁ရက်နေ့က ကြေညာချက်ထုတ်ပြန်ခဲ့သည်။
“ သတင်းသမားတွေကို ဒီအခက်အခဲတွေ ကူညီဖြေရှင်းဖို့လို့ ကာကွယ်ပေးဖို့နဲ့နောက်ပြီးတော့ သတင်းမီဒီယာလွတ်လပ်ခွင့် ပြန်လည်အားကောင်းလာစေဖို့ IMJAမီဒီယာသမားတွေ ပေါင်းပြီးတော့ လုပ်လိုက်တာဖြစ်တယ်” ဟု လွတ်လပ်သော မြန်မာနိုင်ငံသတင်းစာဆရာများအစည်းအရုံး (IMJA) ဖြစ်မြောက်ရေးကော်မတီ-ပြန်ကြားရေးအဖွဲ့မှ ကို ဂျေပိုင်က ပြောသည်။
IMJAသည် သတင်းသမားများအား ခြိမ်းခြောက်မှု၊ နှောင့်ယှက်မှု နှင့် တိုက်ခိုက်မှုများကို တားဆီးကာကွယ်ရန်နှင့် ကိုင်တွယ်ဖြေရှင်းရန် အစီအမံများကို မြှင့်တင်ခြင်း နည်းလမ်းများဖြင့် မြန်မာသတင်းသမားများ၏ ဘေးကင်းရေးနှင့် လုံခြုံရေးအတွက် ရည်ရွယ်ဖွဲ့စည်းခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
“ လွတ်မြောက်နယ်မြေပဲဖြစ်ဖြစ်၊ပြည်ပရောက်လာတဲ့ မီဒီယာသမားတွေပဲဖြစ်ဖြစ်၊ပြည်တွင်းမှာရှိတဲ့ သတင်းသမားတွေရဲ့ လုံခြုံရေးကို ကျွန်တော်တို့က တတ်နိုင်သလောက်ကူညီမယ်။ကာကွယ်ပေးမယ်။နောက်တစ်ခုက သတင်းစာလွတ်လပ်ခွင့်အတွက် အသံပိုထွက်ကြမယ်ဆို ဒါတွေပိုပြီးလွတ်လပ်လာမယ်။အဖွဲ့ဝင်ဖြစ်ဖို့အတွက် မီဒီယာသမားတွေကို ဒီကနေ ဖိတ်ခေါ်လိုက်တယ်။နောက်တစ်ခုက တရားဝင်ဖြစ်မြောက်အောင် ကျွန်တော်တို့ညီလာခံလုပ်မယ်။မီဒီယာသမားတွေအားလုံးပါဝင်တဲ့ ညီလာခံတစ်ခုလုပ်ဖို့ရှိတယ်။အဲ့မှာလည်း အားလုံးပူးပေါင်းပါဝင်ဆောင်ရွက်ပေးဖို့ ဖိတ်ခေါ်ပါတယ်။ဒီအဖွဲ့မှာ ဦးဆောင်နိုင်မယ့်သူတွေကို ဝင်ရောက်ရွေးချယ်ပေးတာမျိုး။ကိုယ်တိုင်လည်း ဝင်ရောက်အရွေးခံတာမျိုး၊ပါဝင်တာမျိုးလုပ်မယ်ဆိုရင်တော့ သတင်းမီဒီယာသမားတွေ သိုက်သိုက်ဝန်းဝန်းညီညီညွတ်ညွတ်နဲ့ အားကောင်းတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်လာမယ်။အဲ့ဒါဆို သတင်းမီဒီယာလောကတစ်ခုလုံးအတွက် အကျိုးရှိလာနိုင်လိမ့်မယ်လို့ ကျွန်တော်ယုံကြည်တယ်။အဲ့ဒါမို့ ပူးပေါင်းပါဝင်ပေးပါလို့ ဖိတ်ခေါ်ပါတယ်” ဟု ကို ဂျေပိုင်က ပြောသည်။
IMJA အနေဖြင့် မီဒီယာဥပဒေကို ပြဋ္ဌာန်းရန်၊ ကျင့်ဝတ်နှင့် တာဝန်သိသော သတင်းစာပညာကို ပံ့ပိုးပေးသည့် စာနယ်ဇင်းကောင်စီ သို့မဟုတ် သတင်းစာဆရာကောင်စီကို ထူထောင်ရန်အတွက် တွန်းအားပေး သွားမည် ဖြစ်ကြောင်း လည်းဆိုသည်။