ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်တွင် မေလ ၂၇ ရက်နေ့မှစ၍ ယမန်နေ့အထိ စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များအကြား နှစ်ဘက်တိုက်ပွဲများပြင်းထန်နေသည်ဟု နယ်မြေခံသတင်းအရင်းအမြစ်များထံမှ စုံစမ်းသိရှိရသည်။
မင်းတပ်မြို့မှကျောက်ထုမြို့သို့ တပ်အပြောင်းအလဲလုပ်ရန် ဆင်းလာသော စစ်ကောင်စီတပ်အား မင်းတပ်မြို့နယ်၊ ထင်းချောင်းရွာအနားတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များက စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“၂၇ ရက်နေ့က စဖြစ်တာပါ။ မနေ့ကအထိ ဖြစ်နေတုန်းပဲ။ သူ့တို့ဘာလုပ်ချင်လဲဆိုတာ မှန်းဆလို့မရသေးဘူးဗျ။ G3 ကိုင်တဲ့ရဲတွေပါ ပါလာတယ်ဆိုတော့ အဲ့ဒီပတ်ဝန်းကျင်မှာ အထိုင်တစ်နေရာရာ ထိုင်ချင်တာလဲ ဖြစ်နိုင်တယ်။ အဲ့ဒီနေရာက ကျနော်တို့ ပူးပေါင်းတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့နေရာမို့ သူတို့ဝင်လာတာနဲ့ တိုက်ပွဲဖြစ်တာပါ”ဟု Chin Defence Force (Mindat) မှ စစ်ဒေသမှူး ဆလိုင်းနိုင်းတမ်က MPA သို့ ပြောသည်။
စစ်ကောင်စီတပ်အနေဖြင့် ယနေ့အထိ ဆုတ်ခွာနိုင်ခြင်းမရှိသေးဘဲ ဆက်လက်ရှိနေ၍ ဒေသကာကွယ်ရေးများအနေဖြင့် စောင့်ကြည့်လျက်ရှိသည်ဟု ဆိုသည်။
“အကျအဆုံးက ခန့်မှန်းလို့မရသေးဘူး။ ထင်တာထက် ပိုကျတယ်လို့ ယူဆရမလိုဘဲ။ ကျနော်တို့ရဲဘော်တွေကလည်း လဲတော့လဲသွားတယ်။ သေမသေတော့ မသိဘူးလို့ဘဲ သတင်းပို့နေကြတာ။ သူတို့ဒုရင်းမှူးကျသွားတာတောင် သူတို့အတွင်းသတင်းကနေ ပေါက်ကြားလာမှ အားလုံးသိရတာ။ ပြောနိုင်တာကတော့ ၂၇ ရက်နေ့ ပဒေသာမိုင်း ၁၄ လုံးနဲ့ ကျတာများတယ်။ ၂၉ ရက်နေ့ အနီးကပ်တိုက်ပွဲမှာ ၃ လောင်းပြန် မကောက်နိုင်တာရှိတယ်။ ၃၀ ရက်နေ့တိုက်ပွဲမှာ သတင်းပေါက်ကြားလာတာက ဒုရင်းမှူးနဲ့ ချင်းလူမျိုး တပ်ကြပ်ကြီးတစ်ယောက်က သေချာတယ်။ မနေ့ကတိုက်ပွဲက ကျတာတွေရှိတယ်။ အရေအတွက်မသိရသေးဘူး”ဟု စစ်ဒေသမှူး ဆလိုင်းနိုင်းတမ်က ဆက်ပြောသည်။
ကနဦးစုံစမ်းချက်အရ ယင်းတိုက်ပွဲများအတွင်း Chin Defence Force (Mindat) မှ ရဲဘော်တစ်ဦး ထိခိုက်ဒဏ်ရာ ပြင်းထန်စွာရရှိခဲ့ပြီး မျက်လုံးတစ်ဖက် ဆုံးရှုံးခဲ့ရသည်ဟု သိရှိရသည်။