စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့ပေါ်မှထွက်လာသည့် စစ်ကြောင်းကို ဒေသတွင်းတော်လှန်ရေးအဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ဗိုလ် တစ်ဦးသေဆုံးကြောင်း ရွှေဘိုခရိုင်တပ်ရင်း-၁၅ Eagle Guerrilla Forceထံကသိရသည်။
ဇွန်လ ၁ ရက်နေ့ ၊နံနက် ၈နာရီ၃၂မိနစ်ခန့်တွင် ဝက်လက်မြို့ပေါ်၊သီလရှင်ကျောင်းအနီးကင်းပုန်းဝပ်ပြီးထွက်လာသည့် အင်အား ၆၀ ဝန်းကျင်ပါ ခြေလျင်စစ်ကြောင်းသည် သရိုင်ရွာ၌ခေတ္တနားနေချိန် ဒရုန်းဖြင့် ဗုံးသီး ၂ လုံးချတိုက်ခိုက်ခဲ့ကာ ၆၀ (မမ) ၇လုံး၊၉၀ (မမ)လက်နက်ကြီး ၄ လုံးတို့ဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“ခွေးတွေက တန်းစီသွားတာမဟုတ်ဘူး ။ရှေ့မှာတစ်စု နောက်မှာတစ်စု လူခွဲသွားတာလို့ပြောရမယ်။အရှေ့အုပ်စုက စစ်သားတွေက သရိုင်ရွာနားက သစ်ပင်အောက်နားနေချိန် ဒရုန်းနဲ့ချတာ။အဲ့မှာ စစ်သား ၁ ယောက်ထိသွားတယ်။နောက်က အုပ်စုကိုက လက်နက်ကြီးတွေနဲ့ပစ်တော့ ကျနော်တို့ကိုလည်းပြန်ပစ်တယ်။ကျနော်တို့ကလည်း လက်နက်ငယ်တွေနဲ့လိုက်ပစ်တယ်”ရွှေဘိုခရိုင်တပ်ရင်း-၁၅ Eagle Guerrilla Force မှ တပ်ရင်းမှူးကောက်ရိုး ကပြောသည်။
ယင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရသည့် စစ်ဗိုလ်ကို ခင်မွန်ရွာသို့သယ်ဆောင်သွားပြီးဆေးကုသပေးနေစဥ် သေဆုံးသွားသည့်အတွက် ခင်မွန်ရွာ၌ပင် မီးရှို့ခဲ့ကြောင်းသိရသည်။
“အလောင်းကို ဘုန်းကြီးကျောင်းနားမှာပဲ မီးရှို့သွားတာ။ဗိုလ်ကတော့ သေချာတယ်။သူတို့ပြောနေတာ ကြားနေရတာ”ဟု ဒေသခံ တစ်ဦးကပြောသည်။
အဆိုပါတိုက်ခိုက်မှုကို ရွှေဘိုခရိုင်တပ်ရင်း-၁၅ Eagle Guerrilla Force တပ်ဖွဲ့က ဦးဆောင်၍ ရွှေဘိုခရိုင်တပ်ရင်း-၁၅ တပ်ခွဲ(၁) ၊ကောင်းကောင်တော်လှန်ရေးအင်အားစု (ပြင်ဦးလွင်ခရိုင်တပ်ရင်း-၁)၊တောကြီးမြွေပွေးနှင့်ရွှေဘိုခရိုင် တပ်ရင်း-၁၇ တို့ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်သည်။
စစ်ဗိုလ်သေဆုံးခြင်းနှင့်ပတ်သက်ပြီး MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။