By MPA CJ 012
ရခိုင့်တပ်တော် အေအေ၏ တပ်ဖွဲ့ဝင်များမှ ရခိုင်ပြည်နယ်၊ ရသေ့တောင်ရှိ မုန်တိုင်းသင့်ပြည်သူများ အရေးပေါ်လိုအပ်နေသော စားနပ်ရိက္ခာများအား ထောက်ပံ့ကူညီနေကြောင်း သိရသည်။
မုန်တိုင်းဒဏ်ကြောင့် ၉၅ ရာခိုင်နှုန်းအထက် ပျက်စီးခဲ့သော ရသေ့တောင်မြို့နယ်အပါအဝင် မုန်တိုင်းဒဏ်ခံခဲ့ရသည့် မြို့နယ်အချို့တွင် ဒေသခံပြည်သူများ၏ အရေးတကြီးလိုအပ်နေသည့် ဆန်အပါအဝင် စားနပ်ရိက္ခာများအား လှူဒါန်းထောက်ပံ့လျက်ရှိကြောင်း မုန်တိုင်းဒဏ်သင့် အာရက္ခအရေးပေါ်ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးကော်မတီမှလည်း မေလ ၃၀ ရက်နေ့က ထုတ်ပြန်ထားသည်။
“ ဟုတ်တယ်။ ပေးနေတာတော့ ရှိတယ်။ အဓိကကတော့ ရသေ့တောင်ဘက်ကို ပေးနေတာပေါ့။ ကျန်တဲ့ဒေသတွေမှာလည်း ပေးနေကြပါတယ်။ နေရာတော်တော်များများမှာပါ။ ရသေ့တောင်ကတော့ မုန်တိုင်းဒဏ် အဓိကခံခဲ့ရတာဆိုတော့ ဦးစားပေးအနေနဲ့ ပေးနေတာပေါ” ဟု မြောက်ဦး လူငယ်များအသင်း၏ ဥက္ကဋ္ဌ ကိုခိုင်မင်းသျှင်က MPA သို့ ပြောသည်။
ဖျက်အားပြင်း မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ကျေးရွာများရှိ ရေကန်များ ရေငံဝင်ကာ ပျက်စီးခဲ့ရသောကြောင့် သောက်သုံးရေ အခက်အခဲများနှင့် ရင်ဆိုင်နေရသည့် ရသေ့တောင်မြို့နယ်အပါအဝင် မြို့နယ်တစ်ချို့ရှိ ကျေးရွာများသို့လည်း ရခိုင့်တပ်တော် အေအေမှ အဖွဲ့ဝင်များအနေဖြင့် သောက်သုံးရေများ အရေးပေါ်ပို့ဆောင်နေကြောင်း သိရသည်။
“ အရင်ရက်တွေတုန်းကတော့ ပရဟိတသမားတွေရဲ့ အကူအညီတွေတော့ ရသင့်သလောက်ရပါတယ်။ အခုကတော့ အေအေက ဆန်တွေနဲ့ အခြောက်အခြမ်းလေးတွေ လာကူညီထောက်ပံ့ပေးတာပေါ့နော်။ ရေစည်အကြီးတွေ ချပေးပြီး သောက်ရေတွေလည်း ပေးတယ်။ ပြီးတော့ရေကန်တွေလည်း ပြန်ဖော်ပေးသွားတယ်။ ရေကန်တွေက ရေငံတွေဝင်တော့ သောက်လို့သုံးလို့ အဆင်မပြေဘူးလေ။ ကျန်တဲ့ အကူအညီတော့ ဘာမှတော့ မရသေးပါဘူး” ဟု ရသေ့တောင်မှ ဒေသခံတစ်ဦးက ပြောသည်။
မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်အတွင်း ရသေ့တောင်၊ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ ပေါက်တောနှင့် မြောက်ဦးမြို့နယ်များသည် မုန်တိုင်းဒဏ် အဓိကခံခဲ့ကြရပြီး ရသေ့တောင်မြို့နယ်အနေဖြင့် ထိခိုက်ပျက်စီးမှုအများဆုံးဖြစ်၍ နေအိမ် အဆောက်အအုံ ၉၀ ရာခိုင်နှုန်းခန့် ပျက်စီးဆုံးရှုံးခဲ့ရသည်။
“ ရသေ့တောင်ဘက်ကတော့ အဓိက ပို့ပေးနေတာဖြစ်မယ်။ ကျွန်တော်တို့ဘက်တော့ မရောက်သေးဘူး။ အထိအခိုက်အပျက်စီးတွေရှိပေမယ့် ရသေ့တောင်လောက် ရေငံဝင်တာတွေလည်း မဖြစ်တော့ သောက်ရေကတော့ သိပ်အခက်အခဲမရှိပါဘူး” ဟု မြောက်ဦးမြို့နယ်မှ ဒေသခံတစ်ဦးက ပြောသည်။
မိုခါမုန်တိုင်းဒဏ်ကြောင့် ရေငံဝင်၍ ပျက်စီးသွားခဲ့ရသည့် ရေကန်များကိုလည်း ရေကောင်းရေသန့်များရရှိပြီး ရေရှည်ပြန်လည်သောက်သုံးနိုင်ရန်အတွက် ULA/AA တပ်ဖွဲ့ဝင်များမှ စနစ်တကျပြုပြင် လုပ်ဆောင်ပေးလျက်ရှိကြောင်း ရခိုင့်တပ်တော် (AA) မှ ထုတ်ပြန်ထားသည်။