By MPA CJ 023
မကွေတိုင်း၊ဂန့်ဂေါမြို့နယ် အတွင်းစစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို ဒေသတွေင်းတော်လှန်ရေးတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးကြောင်း ABSDF Column -၃ ကထုတ်ပြန်သည်။
မေလ ၃၀ ရက်နေ့ ၊ညနေ ၄ နာရီဝန်းကျင်တွင် ဂန့်ဂေါမြို့အခြေစိုက် ခလရ -၅၀ က အင်အား ၁၀၀ ဝန်းကျင်ဖြင့်ခြေလျင် စစ်ကြောင်းထိုးလာစဥ် ကန်သာကျေးရွာနှင့်သာကောင်းကျေးရွာကြား ဒေသအခေါ် မင်းကံကြီးကုန်း အရောက် ကြားဖြတ်တိုက်ခိုက်ခြင်းခံရပြီး ၃ နာရီ ဝန်းကျင်ကြာအပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။
“ဂန့်ဂေါမြို့ ခလရ ၅၀ ကနေ ကလေး၊ဂန့်ဂေါဘက်ကို ခြေလျင်စစ်ကြောင်းထိုးလာတာ။လမ်းတစ်လျှောက် ရွာတွေက မလာဘဲ တောတွေထဲကလာတယ်။YDF စခန်းတစ်ခုကို ဝင်စီးခဲ့တယ်လို့လည်းသိရပါတယ်။စစ်ရေးသဘော အရ သူတို့ကလည်းပတ်သွားနေတာ။ကျနော်တို့ကလည်း ရန်သူ့စစ်ကြောင်း ကိုပတ်လိုက်နေတာ။ရှေ့ကပိတ်လိုက် ၊နောက်ကပိတ်လိုက်နဲ့ တွေ့တာနဲ့ပစ်ရတာ။လက်နက်ငယ်တွေ ဗုံးပစ်လောင်ချာတွေသုံးပြီး တိုက်ခိုက်ခဲ့တာပါ”ဟု ABSDF စစ်ကြောင်း-၃ ပြန်ကြားရေးတာဝန်ခံ ကိုပြည့်ဖြိုးကျော် ကပြောသည်။
ယင်းတိုက်ခိုက်မှုအပြီး သေဆုံးစစ်သားများနှင့်ဒဏ်ရာရရှိသူများကို တိုက်ပွဲဖြစ်ပွားရာအနီးရှိ စစ်ကောင်စီတပ်များတပ်စွဲထားသည့် ကန်ရဲစခန်းထဲသို့သယ်ဆောင်သွားကြောင်းသိရသည်။
အဆိုပါတိုက်ခိုက်မှုကို ABSDF စစ်ကြောင်း-၃ နှင့်ယောဒေသရှိရဲဘော်များ၊ဂန့်ဂေါခရိုင် PDF အမှတ် ၁ တပ်ရင်း၊အမှတ် ၁၂ တပ်ရင်း၊အမှတ် ၁၄ တပ်ရင်း၊ယောဒေသပြည်သူ့ကာကွယ်ရေးတပ်(YPDF)နှင့်နယ်မြေခံ ပကဖ များပူးပေါင်းထားသည့် တပ်ပေါင်းစု တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
စစ်သားများသေဆုံး၊ဒဏ်ရာရခြင်းကို MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။
မေလ ၂၆ ရက်နေ့၊ ညနေ ၄ နာရီဝန်းကျင်ကလည်း ဂန့်ဂေါမြို့နယ်ရှိ တောင်ခင်ရန်း နယ်မြေရဲစခန်းက စစ်ကောင်တပ်ဖွဲ့နှင့်ပျူစောထီးများကို ABSDF တပ်ရင်း ၁၂ နှင့် ဒေသတွင်းတော်လှန်ရေး မဟာမိတ်တပ်ဖွဲ့တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးဒဏ်ရာရရှိခဲ့သေးသည်။