By MPA CJ 015
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ KNU – ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ်အတွင်းသို့ သံဖြူဇရပ်မှ ဆင်းလာသော စကခ (၁၉) လက်အောက်ခံ ခလရ (၅၉၁) တပ်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အကြိမ်အရေအတွက်များစွာ ပစ်ခတ်မှုကြောင့် ဒေသခံပြည်သူ တစ်ဦး အသက်သေဆုံးခဲ့ရကြောင်း MPA ၏ သတင်းရင်းမြစ်ထံမှ သိရသည်။
၂၀၂၃ ခုနှစ် မေလ ၃၀ ရက်နေ့၊ နံနက် ၉ နာရီ ၃၀ မိနစ် ဝန်းကျင်၌ ဝင်းရေးမြို့နယ်၊ အောင်သပြေကျေးရွာနေ စောမောင်စံသွင် (၅၁) နှစ်သည် လက်နက်ကြီး ကျည်စ ထိမှန်ပြီး ၎င်း၏ နေအိမ်တွင် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း စုံစမ်းသိရှိရသည်။
အဆိုပါ လက်နက်ကြီးပစ်ခတ်မှုနှင့်စပ်လျဉ်း၍ “ သူတို့က သံဖြူဇရပ်ကနေ ရေးကိုသွားမလို့ လမ်းမှာ အပစ်ခံရလို့ သူတို့က ပြန်ပြီး ရမ်းသမ်းပြန်ပစ်တာ ” ဟု နယ်မြေခံသတင်းရင်းမြစ်တစ်ဦးက ပြောသည်။
၂၀၂၃ ခုနှစ် မေလ ၃၀ ရက်နေ့၊ နံနက် ၉ နာရီအချိန်ခန့်၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ စစ်ကား (၄) စီးနှင့် ရိက္ခာကား (၅) စီးသည် သံဖြူဇရပ်မြို့မှ ရေးမြို့ဘက်သို့ ဖြတ်သန်းသွားလာစဥ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တောင်ညိုပြည်သူ့ပြောက်ကျားတပ်ဖွဲ့မှ ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် (၃) ဦး သေဆုံး၍ (၇) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း တောင်ညိုပြည်သူ့ပြောက်ကျားတပ်ဖွဲ့ထံမှ သိရသည်။
ထို့အပြင် ၂၀၂၃ ခုနှစ် မေလ ၂၈ ရက်နေ့၊ ည ၈ နာရီအချိန်ခန့်တွင်လည်း စစ်ကောင်စီ၏ ကျုံဒိုးမြို့အခြေစိုက် (ခမရ) ၅၄၆ တပ်ရင်းမှ ကျုံဒိုးမြို့နယ်၊ ကော့ကာကျေးရွာသို့ ၁၂၀ မမ နှင့် ၁၀၅ မမ ဟောင်ဝစ်ဇာ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ ကော့ကာကျေးရွာသို့ လက်နက်ကြီး (၂) လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး ပြည်သူ (၃) ဦး ထိခိုက်ဒဏ်ရာရကာ ပြည်သူပိုင်နေအိမ် (၆)လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
ယင်းဖြစ်စဉ်အတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ကော့ကာကျေးရွာနေ စောထိန်လင်းအောင် (၁၅) နှစ်မှာ ဘယ်ဘက်ပါးစောင်းနှင့် ဘယ်ဘက်နားထင် လက်နက်ကြီး ကျည်စထိမှန်ဒဏ်ရာရရှိခြင်း၊ ကော့ကာကျေးရွာနေ နော်အေးမာန်ထက် (၂၁) နှစ်သညိ ညာဘက်နောက်ကျော ကျည်စရှပ်ထိဒဏ်ရာရရှိခြင်း၊ ကော့ကာကျေးရွာနေ ဒေါ်သိန်းရွှေ (၅၇) နှစ်သည် ဘယ်ဘက်လက်မောင်း ကျည်စ ရှပ်ထိဒဏ်ရာရရှိခြင်း စုစုပေါင်း ဒေသခံပြည်သူ (၃) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။
ထို့အတူ ကော့ကာကျေးရွာနေ စောထိန်လင်းအောင်၏ နေအိမ်နှင့် အိမ်အသုံးအဆောင် ပစ္စည်းများအားလုံး မီးလောင်ပျက်စီးခဲ့ခြင်း၊ ကော့ကာကျေးရွာနေ မောင်ဖိုးတီး (၄၂) နှစ်၏ နေအိမ်ခေါင်မိုးနှင့် အိမ်တိုင် လက်နက်ကြီးကျည်စ ထိမှန်ပျက်စီးခဲ့ခြင်း၊ ကော့ကာကျေးရွာနေ စောအေးမိုးဝင်း (၃၇) နှစ်၏ နေအိမ်တစ်အိမ်လုံး လက်နက်ကြီးကျည်စ ထိမှန်ပျက်စီးခဲ့ခြင်း၊ ဦးကျော်သန်း (၆၆) နှစ်၏ နေအိမ်တစ်အိမ်လုံး လက်နက်ကြီးကျည်စ ထိမှန်ပျက်စီးခဲ့ခြင်း၊ ကော့ကာကျေးရွာနေ ဦးတလုကူ (၆၂) နှစ်၏ နေအိမ်ခေါင်းမိုး လက်နက်ကြီးကျည်စ ထိမှန်ပျက်စီးခဲ့ခြင်း၊ ကော့ကာကျေးရွာနေ ဦးဖားကူး (၇၅) နှစ်၏ နေအိမ်တစ်အိမ်လုံး လက်နက်ကြီးကျည်စ ထိမှန်ပျက်စီးခဲ့ခြင်း စုစုပေါင်း ပြည်သူပိုင်နေအိမ် (၆) လုံး ထိခိုက်ပျက်စီးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
မေလအတွင်း KNU – ကျုံဒိုးမြို့နယ် ကော့ကာကျေးရွာအတွင်းတွင် ပြည်သူ (၆) ဦး လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာရရှိခဲ့ပြီး ပြည်သူပိုင်အိုးအိမ် (၁၀) လုံး အထက် လက်နက်ကြီး ထိမှန်ပျက်စီးခဲ့သည်ဟု စုံစမ်းသိရှိရသည်။