By MPA CJ 023
မကွေးတိုင်း၊ စေတုတ္တရာမြို့နယ်အတွင်း ဧရာတီမြစ်အနောက်ဘက်ခြမ်းလွတ်မြောက်ရေး တိုက်ပွဲများဖော်ဆောင်ခဲ့ရာ စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
မေလ ၂၃ ရက်နေ့ ၊နေ့လယ် ၁၁ နာရီခန့်တွင် ဆိုင်ကယ် ၁၂ စီးဖြင့် စစ်သား ၂၄ ဦးသည် ငဖဲ-စေတုတ္တရာလမ်းပိုင်းမှ စေတုတ္တရာမြို့ဘက်သို့အသွား မဏ္ဍပ်ကိုင်းကျေးရွာအနီးတွင်PDFများက မိုင်းဆွဲပြီးနောက် လက်နက်ငယ်များဖြင့် ၁၅ မိနစ်ခန့် ကြာအပြန်အလှန် ပစ်ခတ်ခဲ့ခြင်းဖြစ် ပြီး စစ်သား၃ဦးသေ၊၄ဦးဒဏ်ရာရကာ သေနတ်၁လက် သိမ်းဆည်းရမိကြောင်း People’s Revolution Alliance(PRA-Magway)ကထုတ်ပြန်သည်။
“ဆိုင်ကယ်နဲ့စစ်သားတွေ ငဖဲ-စေတုတ္တရာလမ်းပိုင်းကနေ စေတုတ္တရာဘက်ကိုသွားမယ်ဆိုတာ သတင်းရလို့ မိုင်းထောင်ပြီးကြိုစောင့်နေတာ။ပထမဆုံး ဆိုင်ကယ် ၃ စီး မိုင်းကွင်းထဲဝင်လာချိန် မိုင်းဆွဲလိုက်တယ်။ အပြန်အလှန်ပစ်ကြတယ်။အဲ့ဒီမှာ ကျနော်တို့ ရဲဘော် တစ်ယောက်ကျသွားတယ်။တစ်ယောက်က လက်မောင်းမှန်တယ်။မိုင်းဆွဲလို့ လွတ်သွားတဲ့ဆိုင်ကယ် တစ်စီးကို လက်နက်ငယ်နဲ့လိုက်ပစ်တာ ဆိုင်ကယ်နောက်က စစ်သား ခြေထောက်ကိုမှန်သွားတာမြင်လိုက်တယ်”ဟု PRA-Magway မှ စစ်ရေးချုပ် နောင်သူရိန် ကပြောသည်။
ယင်းတိုက်ပွဲဖြစ်ပွားဖြစ်ပြီးနောက် သေဆုံးသူများနှင့်ထိခိုက်ဒဏ်ရာရရှိသူများကို စစ်ကောင်စီတပ်က မကွေးစစ်ဆေးရုံကို ပို့ဆောင်လိုက်ကြောင်းသိရသည်။
မေလ၂၃ရက်၊နံနက် ၉ နာရီဝန်းကျင်တွင်လည်း စေတုတ္တရာမြို့နယ်၊ ကျွန်းတောလမ်းထိပ်ရှိ စစ်ကောင်စီဂိတ်စခန်းကို မင်းဘူးခရိုင်တပ်ရင်း(၁)နှင့်PDF စလင်းတို့က Rocket ဖြင့်ပစ်ခတ်ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်းသိရသည်။
အဆိုပါတိုက်ခိုက်မှုများသည် ဧရာဝတီမြစ်အနောက်ဘက်ခြမ်းဒေသ လွတ်မြောက်ရေးအတွက် မဟာဗျူဟာမြောက် ဟန်ချက်ညီညီလှုပ်ရှားခဲ့သည့် စစ်ဆင်ရေးတစ်ရပ်ဖြစ်ကြောင်း ၎င်းကဆိုသည်။
စစ်သားများ ဒဏ်ရာရ သေဆုံးမှုကို MPA အနေဖြင့် သီးခြားအတည်မပြုနိုင်ပေ။