By MPA CJ008
စစ်ကိုင်းဒေသကြီး၊ ပုလဲမြို့ပေါ်တွင် ပတ်ကင်းထွက်လာသည့် အင်အား ၄၀ ခန့်ပါ စစ်ကောင်စီတပ်အား မေလ၊ ၂၉ ရက်နေ့ နံနက် ၉ နာရီခွဲ အချိန်ခန့်တွင် ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များမှ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း M7 People’s Defense Army ထံမှ သိရသည်။
“ကင်းအထွက်ကို စောင့်ပြီးခါမှ ရှေ့ထွက် ၁၇ လုံးနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တာဗျ။ စစချင်းမှာတော့ သူတို့တစ်ယောက်ကျတယ်ပေါ့နော်။ အဲ့ဒီမှာသူတို့ ပရဟိတကားနဲ့ တခါတည်း ခေါ်ဆွဲသွားတယ်ပေါ့နော်။ ညနေပိုင်း သတင်းရတာတော့ ၁ ယောက်ကျ၊ ၇ ယောက် ဒဏ်ရာရတယ်ပေါ့”ဟု M7 PDA မှ တာဝန်ရှိသူတစ်ဦးက MPA သို့ ပြောသည်။
အဆိုပါတိုက်ခိုက်မှုကို M7 People’s Defense Army၊ တိုက်နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် မုဆိုးလေးတပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု စုံစမ်းသိရှိရသည်။
“သူတို့ဘက်က ပြန်လည်ပစ်ခတ်တာမျိုးတော့ မရှိဘူးပေါ့နော်။ အဲ့ဒီမှာ သူတို့က တခါတည်းဆုတ်ပြီး ခေတ်သစ်တည်းခိုခန်းနားမှာ နောက်ထပ်ပျူတွေနဲ့ အကုန်လုံးစုပြီး ကျနော်တို့ဝင်လာမလားဆိုပြီး စောင့်နေကြတာပေါ့”ဟု ၎င်းက ဆက်ပြောသည်။
ထိုသို့ တိုက်ခိုက်အပြီး ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များအနေဖြင့် အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာလာခဲ့ကြသည်ဟု စုံစမ်းသိရှိရသည်။