By MPA CJ023
မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်၊ စစ်ရှောင်ကျေးရွာများမှ တန်ဖိုးရှိပစ္စည်းများနှင့် အိမ်မွေးတိရိစ္ဆာန်တို့ကို စစ်ကောင်စီတပ် ခိုးယူကာ ထုံးကြီးရဲစခန်းသို့ပို့ဆောင်နေကြောင်း သိရသည်။
မေလ ၂၈ ရက်နေ့ ၊နံနက်ပိုင်းမှ စ၍ စစ်ရှောင်နေရသောကြောင့် လူသူမရှိသည့် သဲအင်းကျေးရွာနှင့်ကြက်တူရွေးကျေးရွာမှ တန်ဖိုးရှိပစ္စည်းများနှင့် အိမ်မွေးတိရိစ္ဆာန်တို့ကို စစ်သားများက ခိုးယူနေခြင်းဖြစ်သည်။
“ရွာသားတွေက ခုထိ ရွာထဲပြန်မဝင်ရဲကြသေးဘူး ဒီကောင်တွေကလည်းခုထိ မွှေနေတုန်းပဲ။ကျနော်တို့ ကစစ်ရှောင်တွေကို ကူညီဖို့ နယ်မြေစုံစမ်းကြည့်တော့ သဲအင်းနဲ့ကြက်တူရွေးရွာထဲက ကြက်တွေ၊ဝက်တွေ၊နွားတွေနဲ့စားလို့ရတာမှန်သမျှကိုခိုးနေတာ။ကျနော်တို့စုံစမ်းကြည့်လိုက်တော့ ထုံးကြီးရဲစခန်းကိုပို့တယ်။အဲ့က စခန်းမှူးနဲ့တောင်အင်းရွာက ပျူစောထီးတွေကို ရောင်းခိုင်းနေတယ်လို့ပြောတယ်”ဟု SGU ဂဠုန်ပြောက်ကျားတပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်နေ ကပြောသည်။
စစ်ကောင်စီတပ်သည် ထုံးကြီးရဲစခန်းတွင် အထိုင်ချတပ်စွဲပြီး စစ်ကြောင်းထိုးနေသောကြောင့် သဲအင်း၊ကြက်တူရွေး၊ပေါက်ကုန်း၊ပိတောက်ကုန်း၊ကျွန်းကြီး၊ကျွန်းတော်ကြီး၊ကျွန်းတော်နှင့်လက်ပန်ဇင်ရွာတို့က ဒေသခံ ၅၀၀၀ ခန့် ဘေးလွတ်ရာသို့ စစ်ဘေးရှောင်နေရကြောင်းသိရသည်။
“အဲ့ဒီနေ့က နွားတွေ၊ဝက်တွေကို လိုက်ဖမ်းပြီး ဖြန့်ဖောင်(မော်တော် ၂စင်းပူးပြီး သစ်သားပြားများတင်ထားသောဖောင်)ပေါ်တင်နေတာ။ဖြန့်ဖောင်ကို ကြက်တူရွေးရွာထိပ်မှာကပ်ထားတာ။ အဲ့ကနေ ထုံးကြီးရဲစခန်းကိုပို့မှာ။ထုံးကြီးနဲ့ ကြက်တူရွေးရွာက တစ်တန်းထဲပဲ။ ဒါပေမဲ့ ကုန်းတစ်တန် ရေတစ်တန် သွားရတော့ ဧရာဝတီမြစ်အတွင်းက ဖောင်မျှောရင် ခဏလေးပဲ”ဟု ဒေသခံတစ်ဦးကပြောသည်။
မေလ ၂၄ ရက်နေ့မှ စပြီး စဥ့်ကူးမြို့နယ်အတွင်းရှိ သဲအင်းကျေးရွာနှင့်အနီးဝန်းကျင်ရှိကျေးရွာများကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်ခြင်းနှင့်မီးရှို့ခြင်းတို့ကြောင့် နေအိမ် အများအပြားမီးလောင်ကျွမ်းခဲ့ရသည်။