BY MPA CJ 012
စစ်ကိုင်းတိုင်းမှ မုံရွာသို့ အပြောင်းအရွှေ့လုပ်သော စစ်ကောင်စီယာဉ်တန်းအား ပဒေသာမိုင်းများဖြင့် နှစ်ကြိမ်ခွဲကာ မိုင်းဆွဲတိုက်ခိုက်ခဲ့သည့်အတွက် စစ်သား ၅ ဦးခန့် သေဆုံးကြောင်း မြင်းမူသတင်းမှန်ပြန်ကြားရေးမှ တာဝန်ရှိသူတစ်ဦးက MPA သို့ ပြောသည်။
ပြီးခဲ့သည့် မေလ ၂၈ ရက်နေ့ မွန်းလွဲအချိန်ခန့်က စစ်ကိုင်းမှ မုံရွာဘက်သို့ ထွက်လာသည့် စစ်ကောင်စီယာဉ်တန်းအား မုံရွာ-မန္တလေးလမ်းပိုင်းတွင် Black Eagle Force-MMU နှင့် မဟာမိတ်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“စစ်ကိုင်းတပ်မ ၃၃ ဘက်နဲ့ မုံရွာ နမခတို့က အကူးအပြောင်းလုပ်တာ။ အဲ့ဒါကို ကျွန်တော်တို့က ပဒေသာမိုင်းနဲ့ တိုက်ခိုက်တာပေါ့။ စကစ ၅ ယောက်လောက်တော့ သေတယ်လို့ ကျွန်တော်တို့ ကနဦးသိရတယ်။ မိုင်းဆွဲလို့ ဒဏ်ရာရသွားတဲ့ကောင်တွေလည်း အများကြီးပေါ့။ အဲ့ဒါတွေကိုတော့ ဘိုးမင်းကြီးလမ်းခွဲက သူတို့ရဲ့ အထိုင်စခန်းမှာ ဝင်ပြီး ဆေးကုတယ်လို့လည်း ကျွန်တော်တို့ သိရတယ်”ဟု မြင်းမူသတင်းမှန်ပြန်ကြားရေးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
မေလ ၂၈ ရက်နေ့က စစ်ကိုင်းမှ မုံရွာဘက်သို့ မီးသတ်ကား (၁၁) စီး အား အသုံးပြု၍ ထွက်လာသည့် စစ်ကောင်စီယာဉ်တန်းအား ပဒေသာမိုင်း (၆) လုံးဖြင့် ၂ ကြိမ်ခွဲကာ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
စစ်ကိုင်းမှ မုံရွာသို့ထွက်သော စစ်ကောင်စီ ယာဉ်တန်း၏ ၄ စီး မြောက်ကားအား အလ္လကပ္ပရွာနှင့် ဝမ်းပြည့်ရွာတွင် မေလ ၂၈ ရက်နေ့ မွန်းလွဲအချိန်ခန့်က ပထမအကြိမ်အဖြစ် ပဒေသာမိုင်း ၃ လုံးဖြင့် တိုက်ခိုက်ခဲ့ကာ ညနေ ၆ နာရီအချိန်ခန့်တွင် တွဲကားများဖြင့် ထွက်လာသော ကား (၁၁) စီးပါ ယာဉ်တန်းအား ပဒေသာမိုင်း ၃ လုံးအပြင် တစ်ဖက်ပွင့် ပြောင်း ၂ လုံးတို့ဖြင့် ထပ်မံတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
“စုစုပေါင်း ပဒေသာ မိုင်း ၆ လုံး၊ တစ်ဖက်ပွင့် ပြောင်း ၂ လုံးနဲ့ တိုက်ခိုက်ခဲ့တာပေါ့။ စကစဘက်ကတော့ အထိအခိုက် အသေအဆုံးတွေ အများအပြားရှိတယ်။ စကစရဲ့ ကင်းပုန်းတွေက (၆၀) မမ၊ (၄၀) မမတွေနဲ့တော့ ပြန်ပစ်ပေမယ့် ကျွန်တော်တို့တွေကတော့ အထိအခိုက်မရှိပါဘူး”ဟု Black Eagl ၏ တာဝန်ခံ ဗိုလ်စံရှားက ပြောသည်။
စစ်ဆင်ရေးအား မြင်းမူလင်းယုန်နက် ကာကွယ်ရေးအဖွဲ့မှ ဦးဆောင်ကာ မြင်းမူ ပကဖ၊ မြင်းမူမြို့ပြတော်လှန်းရေးအဖွဲ့တို့အပါအဝင် မဟာမိတ်ညီနောင် (၆) ဖွဲ့တို့မှ ပူပေါင်းတိုက်ခိုက်ခဲ့ကြောင်းလည်း သိရသည်။