By MPA CJ 023
KNU ထိန်းချုပ်နယ်မြေများတွင် နွေရာသီလူငယ်စွမ်းရည်မြှင့် စခန်းသွင်းသင်တန်း(Summer Youth Camp-SYC)ကို ယခုလအတွင်း အောင်မြင်စွာဖွင့်လှစ်ပြီးစီးခဲ့ကြောင်း သိရသည်။
ဧပြီလမှ စတင်၍ ကရင်လူငယ်များအစည်းရုံး(Karen Youth Organization)က ဦးဆောင်ပြီး သင်တန်းသား၃၀၀ကျော် ကိုစခန်းသွင်းလေ့ကျင့်ပေးခဲ့ခြင်းဖြစ်သည်။
“ဒီCampကိုဖွင့်လှစ်ရတဲ့ရည်ရွယ်ချက်ကတော့ လူငယ်တွေ နိုင်ငံရေးကိုပိုစိတ်ဝင်စားလာဖို့နဲ့အခြားသောကဏ္ဍအသီးသီးကိုနားလည် သဘောပေါက်ပြီး ရှေ့ဆက်မဲ့ နိုင်ငံရေးခရီးလမ်းကို ဆက်လျှောက်နိုင်ဖို့ဖြစ်ပါတယ်”ဟု ကရင်လူငယ်များအစည်းအရုံး(ဗဟို)မဟာမိတ်ရေးရာတာဝန်ခံ စောဥက္ကာဦး ကပြောသည်။
အဆိုပါသင်တန်းတွင် ကရင်အမျိုးသားအစည်းအရုံး၏ဖွဲ့စည်းပုံ၊လမ်းစဥ်နှင့်လုပ်ငန်းစဥ်များအပါအဝင် ဖက်ဒရယ်သဘောတရား၊ကျား/မတန်းတူရေး၊အခြေခံနိုင်ငံရေး၊အမျိုးသားလက္ခဏာတည်ဆောက်ရေးနှင့်အခြေခံစစ်ပညာတို့ သင်ကြားပေးခဲ့သည်။
ယင်းသင်တန်းသည် ကရင်လူငယ်များသာမက အခြားသောလူမျိုးစုတိုင်းရင်းသားများပါ စည်းကမ်းချက်နှင့်ညီလျှင် တက်ရောက်နိုင်ပြီး မနက် ၅ မှ ညနေ ၄ နာရီထိ သင်ကြားပေးခဲ့သည်။
“မနက် ၅ နာရီမှာအခြေခံကိုယ်လက်လှုပ်ရှားမှုလုပ်ဆောင်ရမယ်။မနက်စာစားပြီးတာနဲ့ ဘာသာရပ်တွေကို ညနေ ၄ နာရီထိ သင်ရမယ်။ညပိုင်းအစီအစဥ်မှာ အဖွဲ့လိုက်ဆွေးနွေးခြင်းတို့ကိုလုပ်ဆောင်ရမှာဖြစ်ပါတယ်”ဟု၎င်းကဆိုသည်။
Summer Youth Camp – SYC ကို ၂၀၀၉ခုနှစ်တွင်စတင်ဖွင့်လှစ်ခဲ့ပြီးယခုနှစ်အထိ သင်တန်းသား ၁၅၀၀နီးပါးအား မွေးထုတ်နိုင်ခဲ့ကာ လူငယ်ခေါင်းဆောင်အများအပြားလည်းပေါ်ထွက်လာခဲ့ကြောင်းသိရသည်။