By MPA CJ 008
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်တောင်ပိုင်းကျေးရွာများသို့ ကလေးမြို့စစ်ကောင်စီတပ်များမှ လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်သည့်အတွက် ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံသတင်းအရင်းအမြစ်များထံမှ သိရသည်။
ကလေးမြို့မှထွက်ခွာလာသော စစ်ကောင်စီစစ်ကြောင်းအား ဒေသကာကွယ်ရေးတပ်ဖွဲ့များမှ မေလ ၂၇ ရက်နေ့ နံနက်ပိုင်းနှင့် နေ့လယ်ပိုင်းတွင် မိုင်း ၂ ကြိမ်ဆွဲတိုက်ခိုက်ခဲ့အပြီး စစ်ကောင်စီဘက်မှ အထိနာကာ ကလေးမြို့သို့ ပြန်လည်ဆုတ်ခွာသွားပြီးနောက် ယခုကဲ့သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းဖြစ်သည်ဟု ဆိုသည်။
“သူတို့ပြန်ဆုတ်သွားပြီး ညနေ ၃ နာရီလောက်မှာ TU ကျောင်းဘက်ကနေ သာယာကုန်းရွာဘက်ကို လက်နက်ကြီးနဲ့ အကြောင်းမဲ့ ထုတယ်။ အဲ့ဒီရွာက ယောက်ျား ၂ ယောက်နဲ့ မိန်းမ ၂ ယောက်ထိတယ်”ဟု ဒေသခံတစ်ဦးက MPA သို့ ပြောသည်။
ထိုနေ့ တစ်နေ့တည်းမှာပင် ကလေးမြို့ (၂၂၈) အမြောက်တပ်မှလည်း ကလေးမြို့တောင်ပိုင်းကျေးရွာများသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ပြီး ပေါက်ခုံကျေးရွာနှင့် သာယာဝတီကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့သည်ဟု သိရသည်။
“သာယာဝတီက အမျိုးသမီးတစ်ယောက်နဲ့ ကလေးတစ်ယောက်ထိတယ်။ အဲ့ဒါက နေ့လယ် ၁ နာရီခွဲဝန်းကျင်လောက်မှာ ထုတာ။ အမျိုးသမီးက အသက် ၅၅ ပတ်ဝန်းကျင်လောက် နောက်နေ့မှာဆုံးသွားတယ်။ ကလေးက ၆ နှစ် ၇ နှစ်ပဲ ရှိဦးမယ်။ ဒူးအောက်ပိုင်းကနေ ဖြတ်လိုက်ရတယ်။ ပေါက်ခုံကတော့ ၃ ယောက်ထိတယ်လို့ ကြားတယ်ဗျ။ အဲ့ဒါက ညနေ ၃ နာရီလောက်ပေါ့”ဟု ၎င်းက ဆက်ပြောသည်။
မေလ ၂၈ ရက်နေ့တွင်လည်း နံနက်ပိုင်းမှစ၍ ညပိုင်းအထိ ကလေးမြို့ (၂၂၈) အမြောက်တပ်နှင့် အဖွဲ့စက်ဘက် (စစ်ကောင်စီဂိတ်ချထားတဲ့နေရာ) မှ လက်နက်ကြီးများဖြင့် ၁၅ ကြိမ်ခန့် အဆက်မပြတ်ပစ်ခတ်ခဲ့သောကြောင့် ပြည်သူများဘေးလွတ်ရာသို့ ရှောင်တိမ်းခဲ့ရသည်ဟု ဆိုသည်။
“ပစ်တာကတော့ ၂၂၈ တပ်ကနေလည်း ပစ်တယ်။ အဖွဲ့စက်ဘက်ကနေလည်း ပစ်တယ်။ အများအားဖြင့်တော့ ရွာပြင်တွေကျတာပါ။ မြို့ကြီးကုန်ရွာဘက်ကျတယ်။ ဇင်းကလင်းရွာ အရှေ့ဘက်တွေကျတယ်။ အဲ့ဒီရွာတွေကတော့ ရှောင်ကြတယ်။ ညကတော့ မြို့ကြီးကုန်းဘက်ကျတာ နွားတစ်ကောင်သေသွားတယ်လို့ ကြားတယ်။ ကျီကုန်းဘက်လည်း နွားတွေထိတယ်လို့ ပြောတယ်”ဟု ၎င်းက ဆက်ပြောသည်။
မေလ ၂၇ ရက်နေ့က မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်သား ၃၀ ခန့်သေဆုံးကာ အများအပြားထိခိုက်ဒဏ်ရာရရှိသွားသည်ဟု စုံစမ်းသိရှိရပြီး စစ်ကောင်စီမှ တပ်ကူများနှင့် လေယာဥ်ကင်းထောက်ပေးကာ ကလေးမြို့သို့ ပြန်လည်ဆုတ်ခွာသွားခဲ့သည်ဟု စုံစမ်းသိရှိရသည်။
ယနေ့ မေလ ၂၉ ရက်နေ့တွင် လက်နက်ကြီးပစ်ခတ်မှုများ မရှိတော့သည့်အတွက် ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည့်ထဲမှ ဒေသခံအချို့အနေဖြင့် နေရပ်သို့ ပြန်လည် ရောက်ရှိလာခဲ့ကြသည်ဟု စုံစမ်းသိရှိရသည်။