By MPA CJ023
စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ်အတွင်း မိုခါမုန်တိုင်းဒဏ်ကြောင့် ကျေးရွာပေါင်း ၃၄ရွာမှ လယ်ဧက ၂၇၀၀ ကျော်ရေနစ်မြုပ်ကာ သီးနှံများ ပျက်စီးပြီး မိုးစပါး စိုက်ပျိုးရန်ပင်ခက်ခဲနေကြောင်း Pale Entertainment ထံက သိရသည်။
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြောက်ယမားဆည်၏ ရေကျော်တံတားပျက်စီးကာ ရေပေးဝေးရေး ပင်မမြောင်းနှင့်လက်တံမြောင်းတို့ ပျက်စီးသွားခြင်းကြောင့် စပါးပြန်လည်စိုက်ပျိုးရန် ခက်ခဲနေခြင်းဖြစ်သည်။
“မိုးတွေ တအားရွာတော့ ပင်မဆည်ကြီးက ရေမထိန်းနိုင်တော့ဘဲ ယမားချောင်းပေါ်ဖြတ်တဲ့ ရေကျော်တံတားကြီး ကျိုးကျသွားတယ်။ပြန်ပြင်ဖို့ကလည်း ခန့်မှန်းသိန်း ၅၀၀၀ လောက်ကုန်မှာ။မိုးသာထပ်ရွာရင် တောင်ကျချောင်းက ရေတွေက ထပ်တိုးရင်တော့ ဆည်ကကျိုးမှာပဲ။အဲ့ဒါဆိုရင်တော့ ရွာတွေလည်း ရေနစ်မှာ။မိုးတွင်းဆိုတော့ စိုးရိမ်နေရတယ်။ရေဝင်တော့ ကောက်ပဲသီးနှံတွေလည်း ပျက်စီးတာပေါ့ဗျာ။မိုးဦးကလည်းကျတော့မယ် ။သိပ်မကြာခင်ဆို စပါးစိုက်ရမဲ့ရာသီရောက်ပြီ။ ဒီရေတွေနဲ့ဆိုတော့ စိုက်ပျိုးဖို့ကမဖြစ်နိုင်ဘူး။ရေတွေထွက်ဖို့ဆိုတာလည်း အတော်လေးလုပ်ရဦးမှာ”ဟု Pale Entertainment မှ ကိုအောင်ဆန်းဖြိုး ကပြောသည်။
လယ်ယာမြေများ ရေနစ်မြုပ်နေသောကြောင့် စပါး၊ပဲတီစိမ်း၊နှမ်းနှင့်ကုလားပဲ တို့ပျက်စီးခဲ့ကြောင်း စပါး ၁ တင်းလျှင် ကျပ်၁သောင်းခွဲ၊နှမ်း ၁ တင်းလျှင် ကျပ်၁သိန်း၊ကုလားပဲ ၁ တင်းလျှင်ကျပ်၅သောင်းခွဲနှင့် ပဲတီးစိမ်း ၁ တင်းလျှင် ကျပ်၆ သောင်းကျော်အထိ စျေးရှိပြီး ကာလတန်ဖိုး ကျပ်သိန်းသောင်းနှင့်ချီ ဆုံးရှုံးခဲ့ရကြောင်းသိရသည်။
“မိုခါမုန်တိုင်းကြောင့် သီးနှံတွေ ပျက်စီးကုန်တယ်။လမ်း ၁၇လမ်း၊တံတား ၂၃စင်းပျက်စီးကုန်တယ်။ကျနော်တို့ ပအဖ ကလည်း ဦးဆောင်ပြီး ပြန်လည်ပြုပြင်ဖို့အလှုရှင်ရှာသလို အမျိုးသားညီညွတ်ရေးအစိုးရကလည်းပေးပါတယ်။ဒေသတွင်း ပကဖ၊ပအဖ တွေနဲ့ ပုလဲမြို့နယ်တွင်းက တပ်ရင်း၊တပ်ဖွဲ့ရဲဘော်တွေကလည်း လမ်း၊တံတားတွေကို ပြန်လည်ပြုပြင်ပေးနေတာတွေရှိပါတယ်အခုဆို တချို့ လမ်း၊တံတားတွေ ပြန်အသုံးပြုလို့ရနေပြီ”ဟု ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့-လူသားချင်းစာနာမှုဆိုင်ရာ တာဝန်ခံ ကပြောသည်။
ပုလဲမြို့နယ် အနောက်ခြမ်းရှိ လယ်မြေဧက ၁၀၀၀ကျော်သည် ပင်မမြောင်းနှင့်လက်တံမြောင်းတို့ကို အမှီပြုနေရပြီး မိုးစပါးအဓိကထားစိုက်ပျိုးသည့် လယ်မြေများဖြစ်သည်။
“ဆည်မြောင်းပြုပြင်ဖို့ဆိုရင်တော့ လက်ယာမြောင်း၊လက်ဝဲမြောင်း၊မိန်းမြောင်းရောဆိုရင် သိန်း ၁သောင်းဝန်းကျင်ကုန်ကျပါမယ်။လက်ယာမြောင်းက လက်တံ ၁၀ ထိရှိတယ်။မိန်းမြောင်းကလည်း လက်တံ ၁၀ ရှိပါတယ်။မိုးစပါး စိုက်ဖို့ လက်ယာမြောင်းက လက်တံ ၅ နဲ့ မိန်းမြောင်းက လက်တံ ၃ ထိရေပေးနိုင်မှ စိုက်ပျိုးနိုင်မှာဖြစ်ပါတယ်။အချိန်ကာလ အားဖြင့် ဖလူး(ရေသွယ်မြောင်း)ကိုပြင်ဆင်ဖို့က နောက်နှစ် နိုဝင်ဘာလ ထိပြင်မှ ပြီးစီးမှာဖြစ်ပါတယ်။တည်မြဲဖို့အတွက်ဆို အချိန် ကတစ်နှစ်ကျော်ကြာမှာဖြစ်ပါတယ်။တော်လှန်ရေးအတွက် ကျည်လိုအပ်နေတဲ့ကြားက ရိက္ခာပါလိုအပ်လာရင် အခြေနေကဆိုးနိုင်ပါတယ်။ပြည်တင်းမှ တော်လှန်ရေးအောင်မြင်မှာပါ”ဟုCDMဆည်မြောင်းတာဝန်ခံ ဆရာကျော်ကပြောသည်။
မြောက်ယမားဆည်မှ စိုက်ပျိုးမြေများသို့ ရေပေးပို့နေသည့် ဆည်ရေပေးဝေရေးမြောင်းများကို အချိန်မှီပြင်ဆင်မှသာ ရေစီးရေလာကောင်းမွန်ပြီး မိုးစပါးအချိန်မီစိုက်ပျိုးနိုင်မည်ဟု ဒေသခံများကဆိုသည်။