By MPA CJ 014
ရန်ကုန်မြို့၊စမ်းချောင်းမြို့နယ်တွင် စစ်ကောင်စီတပ်က အဖမ်းအဆီးများနေသဖြင့် လူငယ်များသတိပြုသွားလာကြရန် စမ်းချောင်းပင်မသပိတ်စစ်ကြောင်း(Sc Strike) ဥက္ကဌက သတိပေးလိုက်သည်။
မေလ ၁၄ရက်နေ့မှ စတင်ကာ စစ်ကောင်စီတပ်နှင့် ရဲများက စမ်းချောင်းမြို့နယ်အတွင်းရှိ လူငယ် ၂၀ ထက်မနည်းကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။
“ ဒီနောက်ဆုံးအပတ်နှစ်ပတ်အတွင်းမှာ စမ်းချောင်းက အဖမ်းအဆီးတော်တော်များတယ်။ဒီလကုန်အထိလည်း အဖမ်းအဆီးတွေရှိနိုင်တယ်ပေါ့နော်။ဒီလကုန်အထိတော့ မသွားလာကြဖို့နဲ့ သတိထားဖို့ သတိပေးထားတယ်” ဟု၎င်းက ပြောသည်။
မေလ ဒုတိယအပတ်မှ စတင်ကာ စမ်းချောင်းမြို့နယ်အတွင်း စစ်ကောင်စီတပ်က လူငယ်များအား ဧည့်စာရင်း စစ်သယောင်ပြု၍ ဝင်ရောက်ဖမ်းဆီးခြင်းနှင့် လမ်းသွားလမ်းလာလူငယ်များအား စစ်ဆေးသယောင်ပြုကာ ဖမ်းဆီးခြင်းများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။ “ ဒီလကုန်အထိတော့ ရှောင်တခင် ဝင်စစ်ဆေးတာတို့၊ ဒီလမ်းပေါ်မှာသွားလာနေတဲ့ လူငယ်တွေကို ခေါ်ယူစစ်ဆေးဖမ်းဆီးတာတို့ ဖြစ်လာနိုင်တဲ့ အနေအထားရှိတယ်။ဒီရှေ့ရက်တွေမှာ ဧည့်စာရင်းဝင်စစ်ပြီး ဖမ်းသွားတာတဲ့ ဖြစ်စဉ်ရှိသလို လမ်းပေါ်မှာလည်း ကောင်လေးပေါ့။လွယ်အိတ်လွယ်ထားတဲ့ကောင်လေးကို ခေါ်ယူမေးမြန်းပြီး ရိုက်နှက်ဖမ်းဆီးသွားတဲ့ ဖြစ်စဉ်မျိုးရှိတာမို့လို့” ဟု ၎င်းကဆက်လက်ပြောသည်။
မေလ ၂၅ရက်နေ့ ၊နံနက် ၂နာရီခွဲကျော်တွင် စမ်းချောင်းမြို့နယ်၊မြောက်ဝေဠုဝန်ရပ်ကွက်အတွင်းရှိ လူငယ် ၁၆ဦးကို စစ်ကောင်စီတပ်က ရိုက်နှက်ဖမ်းဆီးသွားခဲ့သည်။