By MPA CJ 007
စစ်ကိုင်းမှ မုံရွာဘက်သို့ ထွက်လာသော စစ်ကောင်စီတပ်သားများ လိုက်ပါလာသည့် လူနာတင်ယာဉ် (၁) စီးနှင့် မီးသတ်ကား (၁၁) စီးကို မေလ (၂၈) ရက်နေ့ ညနေပိုင်း ၃ နာရီ ၄၀ မိနစ်အချိန်ခန့်၌ ပဒေသာမိုင်းများဖြင့် တိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။
“ ကျတော်တို့သိရတာက ဆီတွေလို့သိရတယ်။ အထူးသဖြင့် လေယဥ်ဆီတွေ ဖြစ်နိုင်တယ်လို့လည်း သိရတယ်။ အနီးကပ်သတင်းပေးချက်တွေအရပေါ့။ အတိအကျတော့မဟုတ်ဘူးပေါ့နော်။ ပြီးတော့ လူနာတင်ယာဉ်ထဲမှာလည်း စစ်ကောင်စီတပ်သားတွေ အပြည့်လိုက်ပါလာတယ်” ဟု Monywa Revolution Force – MRF ၏ တာဝန်ခံကိုမီးပွားက MPA သို့ ပြောသည်။
အဆိုပါ မိုင်းဆွဲ တိုက်ခိုက်ခံရမှုသည် မုံရွာ-မန္တလေးလမ်းမကြီးပေါ်၊ မအူရွာနှင့် မြေနဲ့ရွာအကြားရှိ မအူစစ်ဆေးရေးဂိတ်အနီး၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ထိခိုက်သေဆုံးမှုကို တိတိကျကျ မသိရှိရသေးကြောင်း ဆက်လက်ရှင်းပြသည်။
“ စစ်ကိုင်းက ထွက်လာကတည်းက သတင်းရလို့ စောင့်ကြိုပြီး မိုင်းဆွဲလိုက်တာပါ။ အရိပ်မဲ့တစ္ဆေ အထူးပြောက်ကျားတပ်ဖွဲ့ရယ်၊ People’s Youth Defence Force အဖွဲ့တို့လည်း ပါတယ်” ဟု ၎င်းက ဆက်လက်ရှင်းပြသည်။
ယခုဖြစ်စဉ် ဖြစ်ပွားပြီးနောက် မုံရွာ – မန္တလေး လမ်းမပေါ် မအူရွာနှင့် မြေနဲရွာအကြားရှိ မအူစစ်ဆေးရေးဂိတ်၌ စစ်ကောင်စီတပ်သား အချင်းချင်း ပြဿာနာဖြစ်နေသည်ဟု စုံစမ်းသိရှိရသည်။ ဖြစ်စဉ်နှင့် ပတ်သက်၍ MPA အနေဖြင့် အသေးစိတ်သိနိုင်ရန် စုံစမ်းအတည်ပြုနေဆဲဖြစ်သည်။