By MPA CJ 023
စစ်ကိုင်းတိုင်း၊မုံရွာမြို့အဝင် တိုးဂိတ် အနီး သုဿန်တွင်စစ်ကောင်စီတပ်ကို PDF ပူးပေါင်းတပ်ဖွဲ့က အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား နှင့် ပျူစောထီး ၁၁ဦးသေဆုံးကြောင်းသိရသည်။
မုံရွာ-ချောင်းဦးလမ်းပေါ်ရှိ သုဿန်သို့ တောပုပျူစောထီးကျေးရွာ မှ ရောက်ရှိလာသော စစ်သားနှင့်ပျူစောထီး စုပေါင်းအင်အား ၈၀ ခန့်သည် ကျေးရွာများသို့ စစ်ကြောင်းထိုးရန်ပြင်ဆင်နေသည့် မေလ ၂၇ ရက်နေ့၊ ညနေ ၆ နာရီခွဲခန့်တွင် တိုက်ခိုက်ခံရခြင်းဖြစ်သည်။
“ခွေးတွေက မနက်ခင်းကတည်းက တောပုပျူရွာကနေ စစ်ကြောင်း ၂ ကြောင်းနဲ့ စ ဝင်လာတာပါ ။နေ့ခင်းမှာ သုဿန်နဲ့ သုဿန်အနီးမှာ တပ်စွဲ အထိုင်ချလိုက်တဲ့သဘောပါ။Toll Gate လမ်းမပေါ်တက်ပြီး ကားတွေတား ငွေတောင်း စစ်ဆေး ဗိုလ်ကျနေတာပါ။ပထမ ဆုံးစပစ်တဲ့ ၂ ချက်ကတည်းက ခွေး ၂ ကောင်တန်းသေပါတယ်။ကင်းပုန်းဝပ်နေတဲ့ နေရာကို တရပ်စပ်ပစ်တာမှာ ၃ ယောက်သေတယ်။သူတို့ကလည်းပြန်ပစ်တယ်။သတင်းပြန်ကြားတာက စုစုပေါင်း ၁၁ ယောက်သေတယ်”ဟု Youth Revolution Attack Force( YRAF) ပြင်ပဆက်သွယ်ရေးတာဝန်ခံ ရဲဘော်PZ ကပြောသည်။
ယင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သည့် စစ်သားနှင့်ပျူစောထီး ၁၁ ဦးကို မေလ၂၈ ရက်နေ့ ၊နံနက် ၄ နာရီခန့်တွင် Jumper ကားဖြင့် မုံရွာမြို့တွင်းသို့ လာရောက်သယ်ဆောင်သွားကြောင်းသိရသည်။
“သုဿန်မှာ နောက်ချန် အင်အား ၃၀ လောက်ထားပြီး မုံရွေး၊ကြေးမုံ၊ကူတော၊ပုရစ်ကုန်းတောင်/မြောက်ရွာ၊မင်းရွာ၊တောင်ပုံ၊ဂျပိုင်ရွာတွေကို စစ်ကြောင်းထိုးနေတယ်။ မုံရွေးနဲ့ကြေးမုံရွာကတော့ တိုးဂိတ် နဲ့နီးတော့ ခဏခဏ အဝင်ခံရတာပေါ့။ခုထိတော့ မီးရှို့တာ ဖမ်းတာ သတ်တာ မလုပ်သေးဘူး။ အပြန်မှပဲ ထွက်ခတ် ခတ်မလားတော့မပြောတတ်ဘူး။ကျနော်တို့နယ်မှာက စစ်ကြောင်းတွေက ခြေရှုပ်နေတာ”ဟု ဒေါင်းမင်းစစ်ကြောင်းအညာတပ်ခွဲ တာဝန်ခံ ကပြောသည်။
စစ်သားနှင့်ပျူစောထီးများ သေဆုံးမှုကို MPA အနေဖြင့်သီးခြားအတည်မပြုနိုင်ပေ။
အဆိုပါတိုက်ခိုက်မှုကို Youth Revolution Attack Force(YRAF)က ဦးဆောင်၍ Ronin Thirteen Defense Force(ဒေါင်းမင်းစစ်ကြောင်းအညာတပ်ခွဲ)၊Area 71 People’s Defense Force၊Monywa Special ဒိတ်ဒိတ်ကြဲ၊ မုံရွာခရိုင် တပ်ရင်း ၂၃၊၂၄၊ကျောက်ဆည်ခရိုင်တပ်ရင်း-၂နှင့် Delta Force တောင်သာ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။