BY MPA CJ 020
မန္တလေးတိုင်း၊စဥ့်ကူးမြို့နယ်၊ ရွာ၃ရွာက နေအိမ်အချို့ စစ်ကောင်စီတပ် လက်ချက်ကြောင့် မီးလောင် ကျွမ်းခဲ့ ကြောင်းသိရသည်။
စဥ့်ကူးမြို့နယ်၊သဲအင်းရွာကို စစ်ကောင်စီတပ်သားများက ယနေ့(မေ ၂၆ရက်)နံနက်တွင်မီးရှို့ခဲ့ပြီး မေလ ၂၅ရက်နေ့ ၊မွန်းလွဲ၂နာရီခန့်က ယက်ကန်းစင်တောင်ပေါ်မှလက်နက်ကြီးဖြင့် တစ်ကြိမ်ပစ်ခတ်ခဲ့သလို မေလ ၂၄ရက်နေ့တွင်တစ်ကြိမ် လက်နက်ကြီးဖြင့်ပစ်ခတ်သဖြင့် နေအိမ်အချို့မီးလောင်ကျွမ်းခဲ့ကြောင်း Bo Tiger အဖွဲ့ မှဗိုလ်ကျားကြီးကပြောသည်။
ကြက်တူရွေးကျေးရွာကို စစ်ကောင်စီတပ်ကယနေ့နံနက်တွင်တစ်ကြိမ်မီးရှို့ခဲ့ပြီး မေလ ၂၅ရက်နေ့ကလည်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲကာ နေအိမ်အချို့မီးလောင်ပျက်စီးခဲ့သည်။
ယက်ကန်းစင်တောင်ပေါ်မှ စစ်ကောင်စီတပ်သားများကမေလ ၂၅ရက်နေ့နေ့ခင်း ၁၂နာရီခန့်တွင် လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကျွန်းကြီးရွာရှိကောက်ရိုးပုံမီးလောင်ပြီးနောက် နေအိမ် ၁၅လုံးကိုမီးကူးစက်လောင်ကျွမ်းခဲ့ကြောင်း ဗိုလ်ကျားကြီးကပြောသည်။
“ စစ်ကြောင်းကနှစ်ကြောင်း၊အင်အား၁၅၀လောက်ရှိတယ်။ဒီဘက်ကိုစစ်ကြောင်းထိုးနေတာ လေးရက်ရှိပြီ။လက်နက်ကြီးတွေနဲ့ တဖွဲ့ကရမ်းပစ်တယ်၊တဖွဲ့ကမြေပြင်စစ်ကြောင်းထိုးမီးရှို့နေတာ။ထိတွေ့တိုက်ပွဲတွေလည်းဖြစ်ထားတယ်” ဟု ဗိုလ်ကျားကြီးကပြောသည်။
ကြက်တူရွေးရွာမှ သဲအင်းရွာ ဘက်သို့ ထွက်ခွာလာသည့် စစ်ကောင်စီတပ်စစ်ကြောင်းကိုမေလ ၂၅ရက်နေ့ညနေပိုင်း၌ Bo Tiger အဖွဲ့နှင့်ပူးပေါင်းအဖွဲ့တို့ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က Mi 35 ရဟတ်ယာဉ်တစ်စီးဖြင့်ပစ်ကူပေးခဲ့ရသည်။
စစ်ကောင်စီတပ်လက်ချက်ဖြင့်ကျွန်းကြီးရွာကနေအိမ် ၁၅လုံးနှင့် ကြက်တူရွေးရွာက နေအိမ် ၅လုံးမီးလောင်ကျွမ်းခဲ့ပြီး သဲအင်းရွာကမီးလောင်ကျွမ်းခဲ့သည့်နေအိမ်အရေအတွက်ကိုမူ မသိရသေး ပေ။
စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေခြင်းကြောင့် သဲအင်းတိုက်နယ်အတွင်းရှိ ကျေးရွာ ၁၁ရွာမှ ရွာသားများထွက်ပြေးတိမ်းရှောင်နေရသည်။