By MPA CJ 012
စစ်အာဏာသိမ်းမှုကို ငြိမ်းချမ်းစွာ ဆန္ဒပြကြသော လူငယ်များအား စစ်ကောင်စီမှ ကားဖြင့် တိုက်ကာ အကြမ်းဖက်ဖြိုခွဲစဉ်အတွင်း ဦးခေါင်းအပြင်းအထန် ဒဏ်ရာရရှိခဲ့သော Myanmar Pressphoto Agency (MPA) ၏ ရုပ်သံသတင်းထောက် မမှူးရတနာခက်မို့မို့ထွန်းအား သင်္ဃန်းကျွန်းခရိုင်တရားရုံးမှ အကြမ်းဖက်ပုဒ်မ ၅၀ (ည) ဖြင့် ထောင်ဒဏ် ၁၀ နှစ်ချမှတ်ကြောင်း သိရသည်။
“အကြမ်းဖက် ၅၀ (ည) နဲ့ ထောင် ၁၀ နှစ် ချတယ်။ တရားစွဲတာကတော့ မမှူးရတနာရဲ့ လူမှုကွန်ရက်မှာ တင်ထားတဲ့ အလှူခံပို့စ်ရယ်၊ K Pay အဝင်အထွက်ရယ်ကြောင့်ထောက်ပို့လုပ်တယ်ဆိုပြီး စွဲတာပေါ့နော်။ တရားလိုလုပ်ပြီးစွဲတဲ့ဘက်က သက်သေတွေကတော့ ခိုင်လုံအောင် မပြနိုင်ပါဘူး။ ကျွန်မတို့ဘက်ကလည်း ရအောင် ငြင်းခဲ့ပေမယ့် ထောင်ဒဏ်ချမှတ်ခံလိုက်ရပါတယ်”ဟု သတင်းထောက် မမှူးရတနာခက်မို့မို့ထွန်းဘက်မှ လိုက်ပါဆောင်ရွက်ပေးနေသော တရားလွှတ်တော်ရှေ့နေ ဒေါ် ဇင်မာဦးမှ MPA သို့ ပြောသည်။
ပြီးခဲ့သည့် ၂၀၂၁ ဒီဇင်ဘာလ ၅ ရက် နံနက်ပိုင်းက ကြည့်မြင်တိုင်မြို့နယ်၊ ပန်းပင်ကြီးလမ်းတွင် ပြုလုပ်သော စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကားဖြင့် တိုက်သတ်ခြင်း၊ သေနတ်ဖြင့် ပစ်ခတ်ကာ ဖမ်းဆီးမှုများကြောင့် လူငယ် ၅ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ပြီး ၁၅ ဦးခန့်ဖမ်းဆီးခဲ့ရသည်။
ထိုဖြစ်စဉ်တွင် ဖမ်းဆီးခံခဲ့ရသည့် သတင်းထောက်မမှူးရတနာခက်မို့မို့ထွန်းအား တာမွေမြို့နယ် ရဲစခန်းမှ စခန်းမှူးဖြစ်သူ ဒုရဲမှူးဆန်းဝင်းအောင်မှ တရားလိုပြုလုပ်ကာ သင်္ဃန်းကျွန်းခရိုင်တရားရုံးတွင်းတရားစွဲဆိုထားခြင်းဖြစ်ပြီး သင်္ဃန်းကျွန်းခရိုင်တရားရုံး၊ ခရိုင်တရားသူကြီးရုံးမှ၅၀ (ည) အတွက် အမိန့်ချမှတ်ခြင်း ဖြစ်ကြောင်းသိရသည်။
“ သတင်းထောက်တွေကို ထောင်ချတယ်ဆိုတာကတော့ မဖြစ်သင့်ဘူး။ Online shopping လုပ်ပြီး Kpay သုံးတဲ့သူကို တော်လှန်ရေးမှာ ထောက်ပို့လုပ်တယ်လို့ဆိုပြီး တရားစွဲ ထောင်ချတာက ပိုမဖြစ်သင့်ဘူး။ သတင်းထောက်တွေကို တရားစွဲတယ်ဆိုတာ သတင်းလွတ်လပ်ခွင့်ကို ပိတ်ပင်တာပဲ အမြန်ဆုံးလွှတ်ပေးသင့်တယ်”ဟု သတင်းထောက် မသူဇာက MPA သို့ ပြောသည်။
မမှူးရတနာခက်မို့မို့ထွန်းအနေဖြင့် အဖမ်းခံရစဉ်က ရခဲ့သည့်သာမန်ဒဏ်ရာများမှာ ပျောက်ကင်းသွားသော်လည်း ဘယ်ဘက်ခြေထောက်၏ ခြေသလုံးရှိ အရိုးသုံးချောင်းကြေသည့်အတွက် စတီးလ်ရိုး အစားသွင်းထည့်ထားရသည့် အခြေအနေဖြစ်သည်။
သူ၏ အစားထိုးထားရသော ခြေသလုံးရိုးအခြေအနေအား ပြသရန်အတွက် လာမည့် မေလ ၃၀ ရက်နေ့တွင် အင်းစိန်ပြည်သူ့ဆေးရုံကြီးတွင် အရိုးအထူးကုများနှင့် စစ်ဆေးရန်ရှိသည့်အတွက် တရားရုံးနှင့် ညှိနှိုင်းကာ ယနေ့ မေလ ၂၆ ရက်နေ့တွင် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်မြင့်က MPA သို့ ပြောသည်။
နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅-က၊ အကြမ်းဖက်ပုဒ်မ ၅၀ (ည) တို့ဖြင့် တရားစွဲဆိုခံရသည့် သတင်းထောက် မမှူးရတနာခက်မို့မို့ထွန်းအနေဖြင့် ချမှတ်ခံရသည့် အမှုများအတွက် အယူခံမဝင်လိုတော့သဖြင့် စွဲဆိုထားသည့် အမှုများအားလုံးပြီးပြတ်ပြီဖြစ်ကာ အယူခံဆက်ဝင်မည်မဟုတ်ကြောင်းလည်း စုံစမ်းသိရှိရသည်။
မမှူးရတနာခက်မို့မို့ထွန်းသည် ပြီးခဲ့သည့် ၂၀၂၂ခုနှစ် ဒီဇင်ဘာလအတွင်းက ရာဇသတ်ကြီးပုဒ်မ ၅၀၅-ကအရ ထောင်ဒဏ် ၃ နှစ်အား ချမှတ်ခံထားရကာ ယနေ့ မေလ ၂၆ ရက်နေ့တွင် အကြမ်းဖက် ဥပဒေပုဒ်မ ၅၀ (ည) အရ ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံရခြင်းဖြစ်ပြီး စုစုပေါင်း ထောင်ဒဏ် ၁၃ နှစ်ရှိပြီ ဖြစ်သည်။
သတင်းထောက် မမှူးရတနာခက်မို့မို့ထွန်းသည် ၅၀၅-ကဖြင့်တရားစွဲဆိုခံထားရမှုအတွက် ထောင်ဒဏ်ကျခံရန် ၅ လနှင့် ရက် ၂၀ သာ ကျန်ရှိပြီး ထိုအမှုမှ လွတ်မြောက်မှသာ အကြမ်းဖက်မှုပုဒ်မ ၅၀ (ည) အတွက် ပြစ်ဒဏ်ကျခံရမည်ဖြစ်ကြောင်းသိရသည်။