By MPA CJ 014
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) – နေပြည်တော် ၏ “ ကွန်မန်ဒိုအခြေပြု အပတ်စဥ် (၁) သင်တန်းဆင်းပွဲ” ကို ယနေ့ကျင်းပခဲ့သည်။
နေပြည်တော် ပကဖ၏ “ ကွန်မန်ဒိုအခြေပြု အပတ်စဥ် (၁) “ သင်တန်းသို့ သင်တန်းသား ၅၀ တက်ရောက်ခဲ့ပြီး စစ်ရေးနှင့် အစုအဖွဲ့ပေါင်းစည်းလုပ်ဆောင်မှုများကို သင်ကြားပေးခဲ့ကြောင်း နေပြည်တော်ပကဖ ဒု-တာဝန်ခံ (၂) ဗိုလ်တေဇ(စစ်ရေးတာဝန်ခံ)က ပြောသည်။
“ ဒါက နေပြည်တော် ပကဖရဲ့ ပထမဆုံး ကွန်မန်ဒို သင်တန်းပေါ့။သင်တန်းသားက အယောက် ၅၀ပါ။ခက်ခဲကြမ်းတမ်း သင်တန်းကာလ လချီကို ကျော်ဖြတ်နိုင်ခဲ့ပြီပေါ့” ဟု ၎င်းက ပြောသည်။ ယနေ့ပြုလုပ်သည့် ကွန်မန်ဒိုသင်တန်းဆင်းပွဲသို့ NUG ကာကွယ်ရေး ဝန်ကြီး ဦးရည်မွန်နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက သဝဏ်လွှာများပေးပို့ခဲ့ကြပြီး NUG အစိုးရက လက်နက်တပ်ဆင်ပေးခဲ့ကြောင်း သိရသည်။
“ NUG က လက်နက်ထောက်ပံ့ပေးပါတယ်။အသေးစိတ်ကိုတော့ လုံခြုံရေးအရမပြောလိုပါဘူး။အပြည့်အဝမဟုတ်ပေမယ့် အားဖြစ်စေပါတယ်။လက်နက်အင်အားလုံလောက်လာတဲ့အခါ ကွန်မန်ဒို အပတ်စဉ် ၂ သင်တန်း၊အပတ်စဉ် ၃သင်တန်းဆိုပြီး ဆက်လုပ်သွားမယ်။ဒါဆိုရင် နေပြည်တော်ကို တတ်နိုင်သလောက် တိုက်နိုင်သွားမယ်ပေါ့။လက်နက်ကတော့ မရှိမဖြစ်လိုအပ်နေတာမို့ ကူပေးနိုင်သလောက်ကူပေးကြပါပဲ ပြောချင်တယ်” ဟု ဗိုလ်တေဇက ပြောသည်။ ယနေ့သင်တန်းဆင်းပွဲတွင် ဗိုလ်တေဇကမိန့်ခွန်းပြောကြားရာ၌ နေပြည်တော်သည် ရန်သူ၏ နှလုံးသားနေရာ ဖြစ်၍ တော်လှန်ရေးအတွက် အရေးကြီးပြီး နေပြည်တော်ကို အမြန်ဆုံးတိုက်ခိုက်သိမ်းပိုက်နိုင် ရေးအတွက် အစွမ်းကုန်ကြိုးစား တည်ဆောက်ကြရန် ထည့်သွင်းပြောကြားခဲ့သည်။