By MPA CJ 023
မန္တလေးတိုင်း၊မတ္တရာမြို့နယ်အတွင်း ပစ္စည်းများလုယက်လာပြီး PDF အယောင်ဆောင်လာသည့် စစ်ကောင်စီစစ်ကြောင်းကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့များက ၂ ကြိမ်တိုက်ခိုက်ခဲ့ကြောင်းသိရသည်။
မေလ ၂၅ ရက်နေ့၊ ည ၈ နာရီဝန်းကျင်တွင်မတ္တရာမြို့နယ်၊ ရုံးပင်ကျေးရွာမှ ပြည်သူပိုင်ပစ္စည်းများ လုယက်လာသည့် အင်အား ၇၀ ပါ စစ်ကောင်စီစစ်ကြောင်းကို မြောင်းသစ်ကျေးရွာ၌ ပဒေသာမိုင်းဖြင့် မိုင်းဆွဲခဲ့ကာ ဆည်တော်ကျေးရွာအနီးတွင် ထပ်မံ၍ ၄၀ (မမ)လက်နက်ကြီး ဖြင့် တိုက်ခိုက်ခဲ့ကြောင်း၊ရှမ်းကျေးရွာတွင် တပ်စွဲထားပြီး စစ်ကူပေးရန်လာသည့် စစ်ကြောင်းကိုလည်း တတိယအကြိမ်အဖြစ် မိုင်းဆွဲခဲ့ကြောင်းနတ်ဆိုး(မြေအောက်တော်လှန်ရေးတပ်ဖွဲ့)က ထုတ်ပြန်ထားသည်။
“လှည်း ၄ စီးနဲ့ ရုံးပင်ရွာက ပစ္စည်းတွေကို လုယက်လာတာ။လှည်းတွေနောက်မှာက ခြေလျင်လိုက်လာကြတာ။သူတို့စစ်ကြောင်းမှာ ပျူတွေ ပါမပါတော့သေချာမသိရဘူး။ခုနောက်ပိုင်း ယူနီဖောင်းနဲ့မဟုတ်ဘူး။ PDF အယောင်ဆောင်ပြီး အရပ်ဝတ်တွေနဲ့လာကြတာ။ရုံးပင်ကျေးရွာက ထွက်လာတဲ့ စစ်ကြောင်းကို အရင်မိုင်းဆွဲတာ သူတို့က စစ်ကြောင်းလှည့်မပြန်ဘဲ ဆက်ထိုးလာနေတော့ ထပ်ပြီး ၄၀ မမ နဲ့ပစ်တာ။ထိခိုက်သေဆုံးမှုက များနိုင်တယ်။ညဘက်ဆိုတော့ အတိအကျမပြောနိုင်ဘူး။စစ်ကူလည်းလာတော့ လမ်းမှာပဲ အဲ့ဒီစစ်ကြောင်းကို မိုင်းထပ်ဆွဲလိုက်တာပါ”ဟု နတ်ဆိုး(မြေအောက်တော်လှန်ရေးတပ်ဖွဲ့) မှ တာဝန်ခံ ဗိုလ်နတ်ဆိုးက ပြောသည်။
အဆိုပါတိုက်ခိုက်မှုကို နတ်ဆိုး(မြေအောက်တော်လှန်ရေးတပ်ဖွဲ့) ပြင်ဦးလွင်ခရိုင် အမှတ် ၁ တပ်ရင်း၊တပ်ခွဲ-၁၊ဒေါင်းစစ်သည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊မဟာမိတ်တော်လှန်ရေးတပ်ဖွဲ့ MRF၊တိုက်သိမ်း(မြေအောက်တော်လှန်ရေးတပ်ဖွဲ့)၊ဇာမဏီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊အမရစစ်သည်တော်(မန္တလေး)နှင့်မိုးကြိုးပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်ပြီး PDF ရဲဘော်များ အထိအခိုက်မရှိကြောင်း သိရသည်။
မေလ ၂၄ ရက်နေ့ နံနက် ၇ နာရီဝန်းကျင်ကလည်း ပုသိမ်ကြီးမြို့နယ်၊ မင်းဂံကျေးရွာစာသင်ကျောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ၄၀ (မမ)လက်နက်ကြီးဖြင့် သွားရောက်တိုက်ခိုက်ခဲ့သေးကြောင်း နတ်ဆိုး(မြေအောက်တော်လှန်ရေးတပ်ဖွဲ့) ကထုတ်ပြန်ထားသေးသည်။