By MPA CJ 014
စစ်ကိုင်းမြို့နယ်အခြေစိုက် တိုက်နယ်စွန် PDFတပ်ဖွဲ့အမည်ကို အလွဲသုံးစားပြုကာ သတင်းမှား ရေးသားဖြန့်ဝေမှုများရှိနေသဖြင့် သတိထားစောင့်ကြည့်နေကြောင်းယင်းတပ်ဖွဲ့၏ ပြန်ကြားရေးတာဝန်ခံတစ်ဦးက ပြောသည်။
မေလ ၂၄ရက်နေ့တွင် စစ်ကိုင်းမြို့နယ်၊ညောင်ပင်ဝန်းရွာအနီးရှိ ညောင်ပင်ဝန်း ရဲစခန်းကို တိုက်နယ်စွန်PDFက ၁၂၀( မမ)လက်နက်ကြီး ဖြင့် ပစ်ခဲ့သည်ဟု သတင်းမှားထွက်ပေါ်လာကြောင်းသိရသည်။
“ ဒီနေရာမှာ စဉ်းစားစရာနှစ်ခုပေါ့။အဖွဲ့က မလုပ်ခဲ့တဲ့ မစ်ရှင်ကို လုပ်ခဲ့သယောင်လုပ်တာက အဖွဲ့နာမည်သုံးပြီး ကိုယ်ကျိုးစီးပွားရှာနေသူတွေရှိနေလားဆိုတာနဲ့ အဖွဲ့ကို သက်သက်နာမည်ပျက်အောင် လုပ်နေလားဆိုတာပဲပေါ့။ဒါကြောင့် ညီမတို့ဘက်က မလုပ်ခဲ့ကြောင်း ရှင်းရတာပါ။တော်ကြာတပ်တွင်းမှာ လိုင်းပေါ်မှာသာလျှောက်တင်နေတာ ဘယ်ကိုမှ ဝင်မတိုက်ဘူး၊ ဘာညာနဲ့ ဝါဒဖြန့်ပြီး သတင်းအမှောင်ချထားတဲ့လူတွေကို သူတို့သာနေသယောင် ထင်အောင် ပြောဆိုလို့ရနေမှာလည်း ပူရသေးတယ်” ဟု ၎င်းကပြောသည်။
တိုက်နယ်စွန် PDFတပ်ဖွဲ့အနေဖြင့် သတင်းအမှားကိစ္စများနှင့် ပတ်သက်၍ အချိန်မီ မဖြေရှင်းပါက ယခင်လုပ်ဆောင်ခဲ့သည့် မစ်ရှင်များကိုပါ ပြည်သူများက အတုအယောင်သဖွယ်ထင်လာနိုင်ကြောင်း ၎င်းက ပြောသည်။
“ မမှန်ကန်တဲ့သတင်းကိုတင်လိုက်တဲ့အတွက် ကျမတို့ မှန်ကန်တဲ့သတင်းကိုထိခိုက်နိုင်လို့ပါ။အများအနေနဲ့ မစ်ရှင်ဖော်ဆောင်တာမျိုးမရှိဘဲ တင်လိုက်တဲ့အတွက် ယုံကြည်မှု အားနည်းသွားမှာစိုးရိမ်လို့ပါ” ဟု ၎င်းကဆက်လက်ပြောသည်။ မေလ ၂၂ရက်နေ့က စစ်ကိုင်းမြို့နယ်မြောက်ဘက်ရှိ ပဒူတိုက်နယ် ရဲစခန်းကို တိုက်နယ်စွန်PDF နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တို့ ဝင်ရောက်စီးနင်းခဲ့ရာ စစ်ကောင်စီဘက်က သေဆုံးသူ ၁၀ဦးထက်မနည်းရှိကြောင်း တိုက်နယ်စွန်PDFက ထုတ်ပြန်ထားသည်။