မွန်ပြည်နယ်၊ကျိုက်ထိုမြို့နယ်အတွင်းရှိ ရွာချင်းဆက်လမ်းကို လာရောက်ဖျက်ဆီးသည့် စစ်သားများ မိုင်းဆွဲတိုက်ခိုက်ခံရကြောင်း Kyaikhto Information Center ကထုတ်ပြန်ထားသည်။
မေလ ၁၄ ရက်နေ့ ၊ည ၇ နာရီကျော်တွင်ကျိုက်ထိုမြို့နယ်၊လှည်းလမ်းကူးကျေးရွာနှင့်ဆောင်လှိုင်ဂွ ကျေးရွာချင်းဆက်လမ်းပိုင်းကိုလာရောက်ဖျက်ဆီးသည့် စစ်သားများ မိုင်းဆွဲခံရခြင်းဖြစ်သည်။
“လမ်းမဖျက်ခင် သူတို့က အရင်ဆုံးကင်းပုန်းလာဝပ်တယ်။ညမှ ဘက်ဟိုးတွေနဲ့ လမ်းတွေကိုဖျက်တာ။မိုင်းဆွဲတာမှာ စစ်သားတွေမသေဘူး။ဘယ်အဖွဲ့ကလုပ်တယ်ဆိုတာတော့ ပြောခွင့်မရှိပါဘူး။သက်ဆိုင်ရာအဖွဲ့တွေက ထုတ်ပြန်ပါလိမ့်မယ်”ဟု Kyaikhto Information Centerမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
ကျိုက်ထိုနှင့်ဘီးလင်းမြို့နယ်သို့ ဆက်သွယ်ထားသည့်လမ်းအပါအဝင် ရွာချင်းဆက်လမ်းပိုင်း စုစုပေါင်း ၅လမ်းကို စစ်ကောင်စီတပ်က ဖျက်ဆီးခဲ့ပြီး ယင်းလမ်းများမှာ ကျေးရွာပေါင်း ၂၅ ရွာက ဒေသခံများ နေ့စဥ်အသုံးပြုနေသည့်လမ်းများလည်းဖြစ်သည်။
“တပ်ရင်းစခန်း အထိုင်တွေရှိတဲ့လမ်းတွေကိုဖျက်တယ်။ဝင်းကလော၊ကျောက်ပုံအဲ့လို စစ်ရေးအရအရေးပါတဲ့ လမ်းတွေကို အဓိက ထားဖျက်ဆီးတယ်”ဟု ဒေသတွင်းတော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။
မေလ ၁၉ ရက်နေ့တွင် ဘီးလင်းနှင့်ကျိုက်ထိုမြို့နယ်ကို ဆက်သွယ်ထားသည့်လမ်းပိုင်းကို စစ်တပ်က ဘက်ဟိုးဖြင့် ဖျက်ဆီးခဲ့သည်။
ယင်းသို့ လမ်းများကို ဖျက်ဆီးခြင်းကြောင့် ဒေသခံပြည်သူများ သွားလာရောင်းဝယ်ဖောက်ကားရာ တွင် အခက်အခဲဖြစ်ပေါ်လျက်ရှိသည်။