မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်ရှိ အခြေခံပညာကျောင်းသားများသမဂ္ဂ (အကသ) များနှင့် အခြေခံပညာပြီးစီးထားသော ကျောင်းသားများပါဝင်သော ကျောင်းသားထုအစည်းအဝေးတရပ်ဖြင့် ပေါက်မြို့နယ်ကျောင်းသားများသမဂ္ဂ ဖွဲ့စည်းခဲ့ကြောင်း ယနေ့တွင် ထုတ်ပြန်ထားသည်။
ကျောင်းသားထုအစည်းအဝေးကို (၂၃) ရက်၊ မေလ၊ ၂၀၂၃ ခုနှစ်၌ ခေါ်ယူခဲ့ပြီး နံနက် (၁၀) နာရီမှ ညနေ (၄) နာရီအထိ နှစ်ပိုင်းခွဲကာ ကျင်းပခဲ့ကြောင်း စုံစမ်းသိရှိရသည်။
“ မြို့နယ်ဖွဲ့တယ်ဆိုတာ ဒီမြိုနယ်ထဲမှာရှိတဲ့ ကျောင်းတွေ အချင်းချင်း ချိတ်ဆက်မှုပိုရအောင်၊ လုပ်ငန်းတွေ ပိုမိုတွင်ကျယ်အောင်လုပ်ဖို့” ဟု ဗဟိုစည်းရုံးရေးကော်မတီ (ပခုက္ကူဒေသ) မှ တာဝန်ရှိသူတစ်ဦးက MPA သို့ ရှင်းပြသည်။
ကျောင်းသားထုအစည်းအဝေးကို ဗဟိုစည်းရုံးရေးကော်မတီ (ပခုက္ကူဒေသ) မှ ရဲဘော်များက ဦးဆောင်ခေါ်ယူခဲ့ပြီး ဗကသများအဖွဲ့ချုပ် ဥက္ကဋ္ဌမှလည်း အဖွင့်အမှာစကားပြောကြားခဲ့ကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။
“ အစည်းအဝေးမှာ တက်ရောက်လာတဲ့ ကျောင်းသားထုကို အုပ်စုခွဲပြီး မျက်မှောတ်ပညာရေးစနစ်၊ မျက်မှောက်ကျောင်းသားလှုပ်ရှားမှုနည်းနာများနှင့် ကျောင်းသားဘဝလုံခြုံရေးဆိုင်ရာ လုပ်ငန်းစဉ်တွေ ဆွေးနွေးကြတယ်။ သူတို့ဆွေးနွေးပြီး ရလာတဲ့ အချက်အလက်တွေကို ပြန်လည်ဆွေးနွေးပြီး လုပ်ငန်းစဉ်အဖြစ် ချမှတ်တယ်” ဟု ဗဟိုစည်းရုံးရေးကော်မတီ (ပခုက္ကူဒေသ) မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
ဗကသများအဖွဲ့ချုပ်သည် စစ်ကိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် အခြေခံပညာကျောင်းသားများသမဂ္ဂနှင့် မြို့နယ်သမဂ္ဂများ လိုက်လံဖွဲ့စည်းနေကြောင်းလည်း စုံစမ်းသိရှိရသည်။