ဒီမော့ဆိုနှင့်မိုးဗြဲမြို့နယ်တို့တွင် တစ်နေကုန် တိုက်လေယာဉ်များ ဝဲပျံနေကြောင်း ခိုင်မာသည့်သတင်းရင်းမြစ်ကပြောသည်။
ယနေ့နံနက် ၆နာရီမှ စတင်ကာ ညနေ၅နာရီအထိ ဒီမော့ဆိုနှင့် မိုးဗြဲမြို့နယ်တိူ့တွင် မိုးရွာသွန်းနေသော်လည်း စစ်ကောင်စီတပ်၏ ဂျက်လေယာဉ်ဝဲပျံနေကြောင်း သိရသည်။
“ မနေ့က စစ်ကောင်စီဘက်က ဂျက်လေယာဉ်နဲ့ ဗုံးကြဲသွားတယ်။မနေ့ညကပေါ့။မိုးဗြဲမှာ ည ၉နာရီလောက်
အရင်ကြဲပြီးမှ ဒီမော့ဆိုကိုည၁၀နာရီကျော်လောက်မှာကြဲတာ။သေဆုံးသူတော့ မရှိပါဘူး။ထိခိုက်ဒဏ်ရာရသူတော့ရှိတယ်” ဟု ၎င်းကပြောသည်။
ဒီမော့ဆိုအရှေ့ခြမ်း၊ဘော်လခဲနှင့် မိုးဗြဲမြို့နယ်တို့တွင် စစ်ကောင်စီတပ်က ယခုရက်ပိုင်းအတွင်း ခြေကျင်စစ်ကြောင်းမထိုးဘဲ လေကြောင်းကိုသာ ဆက်တိုက်အသုံးပြုကာ ဗုံးကြဲတိုက်ခိုက်လျက်ရှိကြောင်း KNDFတပ်ဖွဲ့၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ စစ်တပ်ဘက်ကလေကြောင်းပဲသုံးနေတာ။မနေ့ကဆို ဒီမော့ဆို အရှေ့ခြမ်းမှာ တစ်လုံးမကဘူး။ တောင်ပါယမ်းတွေဖုံးတယ်။အခုတော့မပစ်သေးဘူး။ဝဲနေတုန်းပဲ။ဘယ်နေရာဖြစ်မလဲမသိသေးဘူး။ဘယ်နားကြဲမလည်းရင်တမမနဲ့ နားစွင့်နေရတာ။တိုက်ပွဲလည်း မယ်မယ်ရရမဖြစ်ဘူး။သူတို့သေတော့ လေကြောင်းနဲ့ပဲ ရမ်းသန်းပစ်နေကြတာ” ဟု ၎င်းက ပြောသည်။
လက်ရှိတွင် ဒီမော့ဆို အရှေ့ခြမ်း၌ တိုက်ပွဲများ ခေတ္တငြိမ်နေပြီး စစ်ကောင်စီဘက်က လက်နက်ကြီးများဖြင့်ပစ်ခတ်ခြင်း နှင့် လေကြောင်းတိုက်ခိုက်ခြင်းတို့သာပြုလုပ်ကြောင်း KNDF တပ်ဖွဲ့ထံက သိရသည်။