မြန်မာနိုင်ငံတွင် မိုခါဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးခဲ့ရသည်များအား တုံ့ပြန်ဆောင်ရွက်ရန်အတွက် လူသားချင်းစာနာမှုဆိုင်ရာအကူအညီအဖြစ် အမေရိကန် ဒေါ်လာ ၁၇ သန်းနီးပါးကို ထပ်တိုးကူညီမည်ဖြစ်ကြောင်း မြန်မာနိုင်ငံအခြေစိုက် အမေရိကန်သံရုံးက ယနေ့နံနက်ပိုင်းက အသိပေးထုတ်ပြန်သည်။
“ပေးမယ်ပြောထားတာ ပေးရင်တော့ ကောင်းတောပေါ့။ အခုက မိုးကလည်း ရွာနေသေးတုန်းပဲ။ အိမ်တွေ မဆောက်နိုင်သေးတာလည်း အများကြီးရှိသေးတယ်။ ဒီဘဝတော့ အိမ်နဲ့တောင် နေရပါတော့မလားလို့ တွေးမိရင် ဝမ်းနည်းတယ်။ ကူညီပေးကြမယ်ဆိုလည်း မြန်မြန်လာပေးကြပါ။ မိုးက ဒီ့ထက်ကျလာရင် ဒုက္ခတွေ ရောက်တော့မယ်”ဟု ရခိုင်ပြည်နယ်အတွင်း ကူညီကယ်ဆယ်ရေးများ မရသေးသည့် ဒေသခံတစ်ဦးက MPAသို့ ပြောသည်။
အမေရိကန်အစိုးရအနေဖြင့် ရခိုင်ပြည်နယ်အတွင်း မုန်တိုင်းတိုက်ခတ်ပြီးခဲ့သည့်နောက် မေလ ၁၇ ရက်နေ့ကလည်း မိုခါဆိုင်ကလုန်းမုန်တိုင်းဒဏ်ကြောင့် ပျက်စီးသွားသည့် နေရာများအတွက် ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ရန်အတွက် အမေရိကန်ဒေါ်လာ ၂ သိန်းကို အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ (USAID) မှတဆင့် မြန်မာနိုင်ငံအတွက် ကူညီသွားမည်ဖြစ်ကြောင်း ကနဦး ထုတ်ပြန်ခဲ့သည်။
ယင်း ကူညီထောက်ပံ့မှု နှစ်ခုလုံးအား အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ (USAID)မှ တဆင့် မုန်တိုင်းသင့်ဒေသများတွင် ဆောင်ရွက်လျက်ရှိသည့် မိတ်ဖက်အဖွဲ့အစည်းများကို ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိအထိ မုန်တိုင်းဒဏ်ခံရသည့် ပြည်သူများထံ နိုင်ငံတကာအဖွဲ့အစည်းများထံမှ အကူအညီများ ရောက်ရှိလာခြင်းမရှိသေးကြောင်းနှင့် ရခိုင်ပြည်နယ်တွင်း ရောက်ရှိနေသည့် အကူအညီများမှာလည်း ပြည်တွင်းပရဟိတသမားများ၏ ထောက်ပံ့မှုဖြင့်သာ စစ်တွေမြို့ပေါ်တွင် အကူအညီများ ရရှိနေကြောင်း ရခိုင့်တပ်တော် (AA) မှ ပြောရေးဆိုခွင့်ရှိ ဦးခိုင်သုက MPA သို့ ပြောသည်။
နိုင်ငံတကာ၏ အကူအညီထောက်ပံ့မှုးများသည် ရခိုင်ပြည်နယ်အတွင်းရှိ မုန်တိုင်းဒဏ်သင့် ပြည်သူများထံ ထိထိရောက်ရောက် ရောက်ရှိဖို့နှင့် ကြန့်ကြာမှုများ မရှိစေရန် မျှော်လင့်ကြောင်း ဒေသခံများက ဆက်လက် အသိပေးထားသည်။
အာဏာသိမ်းစစ်ကောင်စီသည် ရခိုင်ပြည်နယ်အတွင်း မုန်တိုင်းဝင်ရောက်တိုက်ခတ်ခဲ့သည့်နောက် ဒေသအတွင်းသို့ ကူညီကယ်ဆယ်ရေးလုပ်ဆောင်ပေးမည့် ပရဟိတအဖွဲ့များအား လွယ်လင့်တကူဝင်ရောက်ခွင့်မပြုခဲ့သည့်အပြင် နိုင်ငံတကာအဖွဲ့အစည်းများအားလည်း ဝင်ရောက်ခွင့်မပြုကြောင်း စုံစမ်းသိရှိရသည်။
ထောက်ပံ့မှုအများဆုံးလို အပ်လျက်ရှိသည့် လူ့အသိုက်အဝန်းများသို့ အကူအညီပေးသည့်အဖွဲ့အစည်းများ အလွယ်တကူရောက်ရှိနိုင်ရန်နှင့် အကူအညီများပေးအပ်နိုင်ရန် အလွန်အရေးကြီးကြောင်းလည်း အမေရိကန်သံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စာရေးဆရာ ဝေဟင်အောင်ကလည်း ၎င်း ဖမ်းဆီးမခံရခင်က ရခိုင်ပြည်နယ်အတွင်း ပြန်လည်ထူထောင်ရန်အတွက် နိုင်ငံတကာအဖွဲ့အစည်းများ၏ အကူအညီများ ရရှိမှသာလျှင် ပြန်လည်ထူထောင်ရေးသည် အလျင်အမြန်ပြီးမည်ဟုလည်း MPA သို့ မှတ်ချက်ပြုထားသည်။
အရေးပေါ်နားခိုစရာ၊ သန့်ရှင်းသောရေရရှိရေး၊ ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် ကယ်ဆယ်ရေးပစ္စည်းများပေးအပ်ရာတွင်လည်း ဒေသခံပြည်သူများအတွက် အကူအညီဖြစ်စေနိုင်မည် ဖြစ်ကြောင်းလည်း အမေရိကန်သံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်နယ် အပါအဝင် စုစုပေါင်းလူဦးရေ ၅ ဒဿမ ၄ သန်းကျော် ထိခိုက်ခံစားခဲ့ရကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံးမှလည်း ထုတ်ပြန်ထားသည်။