ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်ရင်း (၂၀၁) နယ်မြေ၊ မောခီး ကျေးရွာအုပ်စု၊ ခလယ်လေကျယ် (ခ) ပနွယ်ဖိုးကလိုး ကျေးရွာအတွင်းသို့ စစ်ကောင်စီ၏ နေပြည်တော်လေတပ်မှ ယမန်နေ့ညတွင် ဂျက်ဖိုက်တာလေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း MPA ၏ သတင်းရင်းမြစ်ထံမှ သိရသည်။
၂၀၂၃ ခုနှစ်၊ မေလ (၂၃) ရက်နေ့၊ ည ၁၁ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် ဂျက်ဖိုက်တာလေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံး (၂) လုံး အသုံးပြု၍ ကြဲချတိုက်ခိုက်ခဲ့ရာ ခလယ်လောကျယ် (ခ) ပနွယ်ဖိုးကလိုးကျေးရွာရှိ ခရစ်ယာန် ဘုရားရှိခိုးကျောင်း (၁) ကျောင်း ဗုံးထိမှန်ကာ ပြန်လည်ပြုပြင်၍မရသည်အထိ ပျက်စီးခဲ့ပြီး လူနေအိမ်အချို့လည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။
“ ပြည်သူ ထိခိုက် မရှိပါဘူး ခင်ဗျ။ ပြည်သူအိမ်တစ်ချို့ ပျက်စီးပြီး သင်္ချိုင်းကုန်းမှ အုပ်ဂူများ ပျက်စီးခဲ့တယ်။ ပြည်သူတွေက ကြိုရှောင်ထားတာကြာပါပြီ” ဟု အမည်မဖော်လိုသည့် သတင်းရင်းမြစ်တစ်ဦးကပြောသည်။
KNLA တပ်ရင်း (၂၀၁) နယ်မြေ၊ မောခီး ကျေးရွာအုပ်စု၊ ခလယ်လေကျယ် (ခ) ပနွယ်ဖိုးကလိုးကျေးရွာအနီးတစ်ဝိုက်၌ ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်များနှင့် တော်လှန်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်းလည်း ကြားသိရသည်။
“ ညက ၁၁ မခွဲခင်လောက်ကတည်းက စကစလေတပ်က တိုက်လေယာဉ်တွေ ပျံနေတဲ့အသံကြားလို့ ကျင်းထဲဆင်းပြေးရသေးတယ်။ တစ်ကယ်ကို နီးနီးလေး ကြားရတာ ပြီးတော့ အုံးဆိုတဲ့ အသံပါ ထွက်လာတာ။ မနက်က ဘယ်ကိုကြဲသွားလဲလိုက်စုံစမ်းမှ ခလယ်လောကျယ်က ဘုရားကျောင်းကို ကြဲသွားမှန်း သိတာ” ဟု PDF ရဲဘော်တစ်ဦးက ပြောသည်။
အာဏာသိမ်းစစ်ကောင်စီသည် ပြည်လူသူလူထုများနေထိုင်ရာ ကျေးရွာများအား ရည်ရွယ်ချက်ရှိရှိ လေကြောင်းဖြင့် ဗုံးကြဲခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းများ ပြုလုပ်လျက်ရှိပြီး ပြည်သူများ၏ အိုးအိမ်ပစ္စည်းများအား မီးရှို့ဖျက်ဆီးခြင်းအပြင် အပြစ်မဲ့ပြည်သူများအား အတင်းအဓမ္မ ဖမ်းဆီးညှင်းပန်းနှိပ်စက်ခြင်းများ ပြုလုပ်ကာ လူ့အခွင့်အရေး ချိုးဖောက်မှုများကို နေ့စဉ်နှင့်အမျှ ပြုလုပ်လျက်ရှိသည်။