ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်ရှိ မုန်တိုင်းဒဏ်သင့်ခဲ့ရသော ပီပင်ရင်းကျေးရွာတွင် ကူညီကယ်ဆယ်ရေးများ လုံးဝမရသေးကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။
“ကယ်ဆယ်ရေးတွေက လုံးဝမရောက်လာသေးဘူး။ အခုဆိုရင်လေ အမိုးအကာတွေလိုနေတာ။ မိုးကျတော့မှာဆိုတော့ အမိုးအကာတွေပဲ လိုချင်တယ်။ အဲ့ဒါတွေရရင်တော့ နေလို့ရတယ်။ ကိုယ့်ဘာသာလည်း မဝယ်နိုင်ဘူး။ ဈေးတွေ တအားတက်နေတာ။ မုန်တိုင်းတိုက်ပြီးတော့ ဈေးတွေက ထိုးတက်သွားတာပဲ”ဟု ပီပင်ရင်းရွာမှ ဒေသခံတစ်ဦးက ပြောသည်။
ယခုတွင် ပီပင်ရင်းကျေးရွာသည် အမိုးအကာများ အရေးပေါ်လိုအပ်နေကာ ဈေးနှုန်းများ အဆမတန်တက်နေသည့်အတွက် ဒေသခံများအနေဖြင့် မဝယ်နိုင်ကြောင်း စုံစမ်းသိရှိရသည်။
ရခိုင့်တပ်တော် (AA) အနေဖြင့် ဒေသတွင်း ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချမှုအား ညှိနှိုင်းဆောင်ရွက်နေကြောင်း ပြောကြားထားသော်လည်း မြေပြင်တွင် ကုန်ဈေးနှုန်းများမှာ ကျဆင်းခြင်းမရှိသေးဟု ဆိုသည်။
“သံဖြူတွေက အဓိက လိုအပ်ချက်လို ဖြစ်နေတာဆိုတော့ ဒီမှာ အရမ်းကို ဈေးကြီးနေတာ။ အရင်က အာဏာသိမ်းထားတဲ့ကာလမှာ သံဖြူတစ်ပေတစ်ချပ်မှ ထောင်ဂဏန်းပဲရှိတာ။ အခုမုန်တိုင်းတိုက်ပြီးတော့ကျ ဈေးတွေက သောင်းဂဏန်းထိရှိတယ်။ ဒီမှာဆိုရင်လည်း ၄၀၀၀၀/၅၀၀၀၀ ဆိုပြီး ဈေးတွေ အမျိုးမျိုးကိုတက်နေတာ။ ကယ်ဆယ်ရေးတွေလာရင်တော့ သံဖြူတွေရမလားတော့ မျှော်မိတယ်။ ကယ်ဆယ်ရေးတွေကလည်း အခုထိတော့ မရောက်သေးဘူး”ဟု ဒေသခံတစ်ဦးက MPA သို့ ပြောသည်။
ပီပင်ရင်းဒေသခံများအနေဖြင့် သောက်သုံးရေရရှိရန်အတွက်လည်း ကျေးရွာအတွင်းရှိ ရေကန်ကိုသာ အားထားနေကာ ၎င်းရေကန်သည်လည်း တစ်လခန့်သာ အသုံးပြု၍
ရနိုင်ကြောင်း သိရသည်။
မုန်တိုင်းတိုက်ခတ်ပြီးနောက် ပီပင်ရင်းဒေသခံများအနေဖြင့် ယင်းရေကန်မှ ရေအား သောက်ရေအဖြစ် သောက်သုံးနေသော်လည်း ကျိုချက်သောက်သုံးခြင်းမျိုး မရှိကြောင်းလည်း သိရသည်။
“ရွာမှာက ရေကန်ရှိတယ်လေ။ အဲ့ဒီ ကန်ကရေကိုပဲ သောက်တာရော သုံးတာရောလုပ်ကြတယ်။ သောက်တာတော့ ဒီတိုင်းပဲသောက်တယ်။ ဝမ်းရောဂါတွေ ဘာတွေလိုတော့ ဖြစ်တာမရှိဘူး။ မရှိသေးတာလားတော့ မပြောတတ်ဘူး။ ချက်ပြုတ်တာလည်း ဒီကန်ရေနဲ့ပဲ။ ဆားငံရည်မဝင်ဘူးဆိုတော့ သုံးလို့၊ သောက်လို့ရနေတာပေါ့။ ရေသန့်တွေကတော့ ဝယ်လို့ရပါတယ်။ ဒါပေမယ့် ဈေးတွေ တအားကြီးနေတာ”ဟု မြောက်ဦးမြို့နယ်၊ ပီပင်ရင်းရွာမှ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
မုန်တိုင်းတိုက်ခတ်ပြီးသည့်နောက် ယခုလို တစ်ပတ်ကျော်ခန့်အထိပင် ပီပင်းကျေးရွာတွင် ကူညီကယ်ဆယ်ရေးများ မရရှိသေးသလို ကျန်းမာရေးနှင့်ပတ်သက်၍ အသိပညာပေးသည့် သူများမရှိသေးကြောင်းလည်း သိရသည်။
သို့သော် ယင်းကျေးရွာတွင် တစ်ပတ်လျှင်တစ်ကြိမ်နှုန်းဖြင့် သူနာပြုများ ဆေးခန်းလာရောက်ဖွင့်လေ့ရှိသော်လည်း နေမကောင်းသည့် သူကလွဲ၍ ကျန်ဒေသခံများမှာ ကျန်းမာရေးစောင့်ရှောက်မှု သွားရောက်ခံယူလေ့မရှိကြောင်းလည်း သိရသည်။
ပီပင်ရင်းဒေသခံများအနေဖြင့် စားနပ်ရိက္ခာနှင့် သန့်ရှင်းသည့် သောက်သုံးရေရရှိရန် လိုအပ်နေသလို မိုးရာသီရောက်ရှိတော့မည် ဖြစ်သဖြင့် အမိုးအကာမရရှိမှာကို အလွန်စိုးရိမ်နေကြသည်။
ဖျက်အားပြင်း ဆိုင်ကလုန်းမိုခါမုန်တိုင်းဒဏ်ကြောင့် ပီပင်ရင်းကျေးရွာဟာ ၉၈ ရာခိုင်နှုန်းခန့် ပျက်စီးခဲ့ပြီး အိမ်ခြေပေါင်းများစွာလည်း ပျက်စီးခဲ့ရကာ တချို့နေအိမ်များသည် ပြန်လည်ပြုပြင်ကာ နေထိုင်၍ရသော်လည်း ပြန်လည်မပြုပြင်နိုင်သေးသည့် နေအိမ်များလည်းရှိကြောင်း သိရသည်။
ယခုကဲ့သို့ ပြန်လည်မပြုပြင်နိုင်သေးသည့် နေအိမ်များနှင့် ပြည်သူများအတွက် အရေးပေါ်ကူညီကယ်ဆယ်ရေးနှင့် အထောက်အပံ့များမှာ များစွာလိုအပ်နေကြောင်းလည်း ဒေသခံများထံမှ သိရသည်။
မြောက်ဦးမြို့ပေါ်နှင့် ၅ မိုင်ခန့် ကွာဝေးသည့် ပီပင်ရင်းကျေးရွာတွင် ပီပင်ရင်းစစ်ရှောင်စခန်းလည်းရှိကာ ယင်းစစ်ရှောင်စခန်းတွင်လည်း အရေးပေါ်အကူအညီများ လိုအပ်နေကြောင်း သိရသည်။
ပြီးခဲ့သည့် မေလ ၂၂ ရက်နေ့ကလည်း ယင်း စစ်ရှောင်စခန်းအား ရေလာရောက်လှူဒါန်းသည့် ကားတစ်စီးတိမ်းမှောက်၍ ယာဉ်အကူဖြစ်သူ မြောက်ဦးမြို့နယ်၊ ဝေသာလီကျေးရွာမှ ဒေသခံတစ်ဦး အသက်ဆုံးရှုံးခဲ့သေးသည်။