မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်အတွင်းရှိ မန်းကျည်းစုကျေးရွားအား စစ်ကောင်စီတပ်နှင့် ပျူစောထီးများ ယနေ့နံနက်တွင် မီးဝင်ရှို့သွားသည့်အတွက် လေဖြတ်နေသည့် အဖွားအိုတစ်ဦး မီးထဲပါသွားပြီး သေဆုံးသွားသည်ဟု ကနဦးစုံစမ်းသိရှိရသည်။
မန်းကျည်းစုရွာအတွင်းသို့ ယနေ့ နံနက် ၂ နာရီခန့်က စစ်ကောင်စီနှင့် ပျူစောထီးများ ဝင်ရောက်ကာ အကြောင်းမဲ့ မီးရှို့ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
“ညက ၂ နာရီလောက်က ကား ၂ စီးနဲ့ ရွာထဲကို ဝင်လာတယ်။ အင်အားက အယောက် ၄၀ ကျော်လောက်တော့ရှိမယ်။ သေနတ်တွေနဲ့ ပစ်ပြီးဝင်လာတာ။ ပြီးတော့ ရွာရဲ့ အရှေ့တောင်ပိုင်းကနေ စပြီး မီးရှို့ကြတာပဲ”ဟု မန်းကျည်းစုကျေးရွာမှ ဒေသခံတစ်ဦးက MPA သို့ ပြောသည်။
စစ်ကောင်စီတပ်နှင့် ပျူစောထီးတို့ မီးရှို့ခဲ့ပြီးနောက် ချက်ချင်းပြန်ထွက်သွားခဲ့ကြောင်းလည်း ဆိုသည်။
အိမ်ခြေ ၃၀၀ နီးပါး ရှိသည့် မန်းကျည်းစုရွာမှ ပြည်သူများသည် လက်ရှိတွင် မီးဘေးလွတ်ရာနေရာများ၊ ဘုန်းကြီးကျောင်းနှင့် ဆွေမျိုးများထံတွင် နေထိုင်နေရကြောင်း သိရသည်။
“ဒီရွာက မြင်းခြံမြို့နယ်၊ ကုက္ကဲရွာနဲ့ နီးတယ်။ ပြီးတော့ ကုက္ကဲရဲစခန်းနဲ့က ၁ မိုင်ကျော်လောက်ပဲ ဝေးတာ။ အိမ်ခြေကတော့ ၃၀၀ နီးပါးရှိတယ်။ ကျွန်တော်တို့အနေနဲ့တော့ ဘယ်လောက်ထိ မီးထဲပါသွားလည်းဆိုတာတော့ မသိရသေးဘူး။ အခု ကနဦးရတဲ့ သတင်းအရတော့ လေဖြတ်ထားတဲ့ အဖွားက မီးထဲပါသွားပြီးတော့ သေဆုံးသွားတယ်”ဟု မြင်းခြံမြို့နယ်ရှိ ပကဖအဖွဲ့ဝင်တစ်ဦးက MPA သို့ ပြောသည်။
မြင်းခြံမြို့နယ်၊ မန်းကျည်းစုကျေးရွာအတွင်းသို့ စစ်ကောင်စီတပ်နှင့် ပျူစောထီးတို့ မကြာခဏဝင်ရောက်ကာ စစ်ကြောင်းထိုးလေ့ရှိသည်ဟု စုံစမ်းသိရှိရသည်။
ထို့သို့ စစ်ကြောင်းထိုးစဉ်အချိန်တွင်လည်း ရွာသားများအား ဖမ်းဆီးရိုက်နှက်ခြင်း၊ ကျေးရွာအား မီးရှို့ခြင်း၊ အဖိုးတန်ပစ္စည်းများ လုယက်ခြင်းများကို အကြိမ်ကြိမ်လုပ်ဆောင်လေ့ရှိသည်ဟုဆိုသည်။