စစ်ကိုင်းတိုင်းအတွင်းရွာစဉ်လှည့်မီးရှို့ အကြမ်းဖက်နေသည့် ဘီလူးစစ်ကြောင်းကို KNU တပ်မဟာ ၃နယ်မြေအတွင်းသို့စေလွှတ်ရန် စစ်ကောင်စီက ပြင်ဆင်နေကြောင်းပဲခူးတိုင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) သတင်းနှင့်ပြန်ကြားရေး တာဝန်ခံတစ်ဦးကပြောသည်။
စစ်ကိုင်းတိုင်းအတွင်း ပြည်သူကိုပစ်မှတ်ထားအကြမ်းဖက်ရာတွင် နာမည်ကြီးသည့် ဘီလူးစစ် ကြောင်းကို မကြာမီရက်ပိုင်းအတွင်း KNU တပ်မဟာ(၃)နယ်မြေသို့ ပို့တော့မည်ဟု သိရကြောင်း ခိုင်မာသည့် သတင်းရင်းမြစ်က ပြောသည်။
“ ဒီရက်ပိုင်းကြားတော့ ပြည်သူတွေကိုပဲ ပူတာပေါ့။ဒီကောင်တွေ(စစ်ကောင်စီ)မှာ အရမ်းယုတ်မာပြီး လူမဆန်တဲ့ စစ်ကြောင်းကိုပဲလွှတ်တာဖြစ်လို့ တိုက်ရခိုက်ရမှာ မကြောက်ဘူး။စစ်ကိုင်းကလို ပြည်သူပိုင်နေအိမ်တွေ မီးရှို့ခံရပြီး ဘာမှ မလုပ်ဘဲ စစ်ဘေးရှောင် ဘဝဖြစ်မှာကို ပူရတာပေါ့။သူတို့ကလည်း လွှတ်ဖို့လုပ်တယ်ဆိုကတည်းကိုက ဒီလိုဖြစ်အောင် စီစဉ်တဲ့သဘောပါပဲ” ဟု ၎င်းက ပြောသည်။
ဘီလူးစစ်ကြောင်းနှင့် ပတ်သက်ပြီး ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကာကွယ်ရေးတပ်မတော်သတင်းနှင့်ပြန်ကြားရေး တာဝန်ခံဦးထံ မေးမြန်းရာ စစ်ကောင်စီတပ်အနေဖြင့် စစ်ရေးတွင်
နောက်ဆုံးအခြေအနေသို့ ရောက်ရှိနေပြီဖြစ်၍ အဆိုးရွားဆုံးသော ရက်စက်ယုတ်မာသတ်ဖြတ်မှုများကို အကောင်အထည်ဖော်လုပ်ဆောင်ရန် စေလွှတ်ခြင်းဖြစ်နိုင်ကြောင်း မှတ်ချက်ပြုသည်။
“ ကျွန်တော်တို့မှာတော့ ပူပန်စရာတော့ ဘာမှမရှိပါဘူး။ဒီ့အတွက်ကျွန်တော်တို့ဘက်က အကောင်းဆုံးပြင်ဆင်မယ်။အကယ်၍ စစ်ကြောင်းထိုးလာခဲ့ရင်သော်၎င်းပေါ့ဗျာ၊။စစ်ကြောင်းထိုးလာခဲ့ရင်လည်း ကျွန်တော်တို့ဘက်ကတော့ အကောင်းဆုံးပြင်ဆင်ပြီး အကောင်းဆုံး စုဖွဲ့မှုနဲ့တိုက်ပွဲဝင်သွားမှာပါ” ဟု ၎င်းကပြောသည်။
KNU တပ်မဟာ ၃နယ်မြေမှာ မူး(မုန်း)မြို့နယ်၊ကျောက်ကြီးနှင့် သံတောင်ကြီးနယ်မြေဘက်ခြမ်း ဖြစ်သည်။