ရန်ကုန်မြို့တွင် နေရာကွက်ကျား မိုးရွာသွန်းကာလေပြင်း တိုက်ခတ်ခဲ့ကြောင်း သိရသည်။
ယနေ့ ညနေ ၅နာရီ မိနစ်၅၀ခန့်မှစတင်ကာ ရန်ကုန်မြို့၊စမ်းချောင်း၊ကြည့်မြင်တိုင်၊လှိုင်နှင့်ကမာရွတ်မြို့နယ်တို့တွင် မိုးများရွာသွန်းခဲ့ပြီး ညနေ ၆နာရီ မိနစ်၂၀ခန့်အထိ လေပြင် တိုက်ခတ်ခဲ့ကြောင်း ရန်ကုန်မြို့နေပြည်သူတချို့က ပြောသည်။ “ လေကတော်တော်ပြင်းတယ်။အိမ်ရှေ့မှာချည်ထားတဲ့ စာကလေးအိမ်တွေ အကုန်လုံးလေထဲလွင့်သွားတယ်။မိုးလည်းပါတယ်။ မိနစ်၂၀လောက်ပါပဲ။သစ်ပင်ကျိုးတာတို့ ဘာတို့အထိမဟုတ်ဘူး” ဟု ကြည့်မြင်တိုင်မြို့နယ်နေပြည်သူတစ်ဦးကပြောသည်။
စမ်းချောင်းနှင့် လှိုင်မြို့နယ်တို့တွင်လည်းသွပ်မိုးများလန်သည်အထိ မိနစ် ၂၀ခန့် လေပြင်း တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
“ လှိုင်မှာကလေတွေတိုက်တယ်။ဘုရားစင်ပေါ်က ပန်းအိုးပါပြုတ်ကျလို့ သတိထားမိတာ။ညနေ၆နာရီကျော်ကျော်လောက်က ဖြစ်တာ။သစ်ပင်လဲကျတာတို့ မီးကြိုးပျက်ကျ တာတို့တော့ မဖြစ်ဘူးထင်တာပဲ” ဟု လှိုင်မြို့နယ်၊ဘူတာရုံလမ်းတွင် နေထိုင်သူတစ်ဦးက ပြောသည်။
ကျောက်တံတားနှင့် ဗိုလ်တစ်ထောင်မြို့နယ်တို့ရှိ ဒေသခံတချို့အားမေးမြန်းရာ ညနေ ၅နာရီ မိနစ်၄၀ခန့်ကမိုးအနည်းငယ်သာရွာသွန်းခဲ့ပြီး လေပြင်းတိုက်ခတ်ခဲ့ကြောင်း ဆိုသည်။
စစ်ကိုင်းတိုင်းအောက်ပိုင်း၊ပဲခူးတိုင်း၊ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင် မိုးတိမ် တောင်များဖြစ်ပေါ်နေသဖြင့်ယင်းမိုးတိမ်တောင်များရွေ့လျားရာနေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူလေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာနက ထုတ်ပြန်ထားသည်။