ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ် အတွင်းမြို့ပြပြောက်ကျားရဲဘော်များကို စစ်ကောင်စီတပ်က CCTVမှ တစ်ဆင့် လိုက်လံခြေရာခံနေကြောင်း သိရသည်။
ယနေ့ (မေလ ၁၇ရက်)မွန်းလွဲ ၂နာရီခွဲခန့်က စမ်းချောင်းမြို့နယ်၊ဗဟိုလမ်းမ၊ ဂွဈေးအနီးတဝိုက်ရှိ CCTVများ ကို စစ်ကောင်စီတပ် က လိုက်လံစစ်ဆေးခဲ့ကြောင်း စမ်းချောင်းမြို့နယ်၊သရက်တောလမ်းနေ ပြည်သူတစ်ဦးက ပြောသည်။
“ ဒီနေ့နေ့လယ်ကလာတာ။ ထောက်လှမ်းရေးတွေထင်တာပဲ။ CCTVတွေလာစစ်နေတာ” ဟု ၎င်းကပြောသည်။
ယင်း စစ်ဆေးမှုမှာ မအောင်မြင်ခဲ့သည့် မစ်ရှင်တစ်ခုကို စစ်ကောင်စီတပ်က တွေ့ရှိကာ ကွင်းဆက်လိုက်နေခြင်းဖြစ်နိုင်ကြောင်း စမ်းချောင်းပင်မသပိတ်စစ်ကြောင်း ၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ အဖွဲ့တစ်ဖွဲ့က မစ်ရှင်လုပ်တာမအောင်မြင်ဘူး။ ဗုံးကမပေါက်ဘူး။ အဲ့ဒါကို စစ်တပ်က တွေ့သွားတယ်။ အဲ့ဒါနဲ့ပတ်သက်ပြီး ကွင်းဆက်လိုက်ဖမ်းနေတာ။ အခု CCTV ကြည့်တာက အဲ့မစ်ရှင်နဲ့ ပတ်သက်ပြီး ကွင်းဆက်လိုက်ရှာနေတာဖြစ်မယ်။ အခုက မစ်ရှင်နဲ့ပတ်သက်ပြီး ဘာမှ ပြောလို့မရဘူး။ အခုစမ်းချောင်းမှာ အဖမ်းအဆီးအရမ်းများနေလို့လေ” ဟု ၎င်းကပြောသည်။
စမ်းချောင်းမြို့နယ် အတွင်းရှိ နေအိမ်အချို့ကို စမ်းချောင်းမြို့မရဲစခန်းရှိ ရဲများနှင့် စစ်ကောင်စီတပ် တို့က ညဘက်ဝင်ရောက်ရှာဖွေမှုများရှိကြောင်းသိရသည်။
လက်ရှိတွင် မအောင်မြင်ခဲ့သည့် မစ်ရှင် (ဗုံးငါးလုံးတွေ့ရှိခဲ့) နှင့်လုံးဝ မသက်ဆိုင်သည့် လူငယ် အမျိုးသားတစ်ဦးအား စစ်ကောင်စီတပ်က ဖမ်းဆီးထားကြောင်း MPA ကစုံစမ်းသိရသည်။