ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်ပင်သာကျေးရွာတွင် အာဏာသိမ်း စစ်ကောင်စီက တော်လှန်ရေး တပ်သား အယောင်ဆောင်ကာ ဒေသခံ ၂၀ ဦးခန့်ကို ဖမ်းဆီးသွားခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရသည်။
“ ဝတ်စုံက ပြည်သူ့ကာကွယ်ရေးတပ်ဝတ်စုံ ဝတ်လာတာ ပြီးတော့ ရွာသားတွေကို ငါတို့က မင်းတို့ကို ကူညီဖို့ရောက်လာတာဆိုပြီး ခေါ်သွားတာ။ အဲ့ထဲမှာ ကျွန်တော် အမေနဲ့ အိမ်နီးနားချင်းတွေ ပါတယ် ကျွန်တော်မိန်းမက ကျွန်တော်ကို ဆွဲထားလို့ ကျွန်တော်ပါမသွားဘဲ အိမ်ထဲကပဲ ခိုးကြည့်နေခဲ့တာ။ အယောက်၂၀လောက်ကို ဖမ်းဆီးခေါ်သွားတယ် ” ဟု မိခင် ဆုံးရံှှုးခဲ့ရသူ တစ်ဦးက ယခုလို ဆိုသည်။
အဖမ်းခံရသူ အများစု၏ အလောင်းများကို တနေရာထဲတွင် တွေ့ရတာ မဟုတ်ဘဲ ဟိုတစု ဒီတစု သေဆုံးနေတာ ဖြစ်ကြောင်း ကျန်ရစ်သူမိသားစုဝင်တစ်ဦးက ဆိုသည်။
“ ဆန်သွားဝယ်မယ်ဆိုပြီး ထွက်သွားတာ မေလ ၁၄ ရက် မွန်းလွဲပိုင်းလောက်ကတည်းက ပျောက်သွားတာ နောက် ၂ ရက်လောက်နေမှ သချိၤုင်းကုန်းနားမှာ နှိပ်စက်ဒဏ်ရာတွေအပြည့်နဲ့ သေဆုံးနေတာကို တွေ့ရတာ။ တချို့အလောင်းတွေက မီးရှို့ထားတာ ” ဟု ကျန်ရစ်သူမိသားစုဝင်တစ်ဦးမှ MPA သို့ပြောသည်။
ညောင်ပင်သာကျေးရွာအနီးတွင် မေလ ၁၀ ရက်နေ့ တိုက်ပွဲဖြစ်ပွားမှု အပါအဝင် ကျေးရွာ၌ တိုက်ပွဲဖြစ်ပွားမှု ၃ကြိမ်ရှိပြီး ယခုအကြိမ်က ပိုးဆိုးခဲ့ကြောင်း ဒေသခံတစ်ဦးက ဖြစ်စဉ်ကို ပြောပြသည်။
“ စစ်ကောင်စီတွေ ရွာထဲဝင်လာပြီ ဆိုတာနဲ့ ကျွန်တော်တို့ပြေးကြတာ ပြေးရင်း သူတို့နဲ့ထိပ်တိုက် တွေ့ရင် မကြောက်နဲ့ဘာမှမလုပ်ဘူးလို့ ပြောဆိုပြီး ရွာလည်ပိုင်းလောက်ခေါ်သွားတာ ပြီးရင် မိန်းမတွေနဲ့ ကလေးတွေနဲ့က တစ်စု ယောင်္ကျားလေးတွေကိုတစ်စု ထားပြီး မျက်နှာကိုအဝတ်တွေနဲ့စီး တိတ်တွေနဲ့ကပ်ပြီး မီးရှို့သတ်တယ် “ ဟု လွတ်မြောက်လာသူ ဒေသခံကပြောသည်။
တော်လှန်ရေး တပ်သားများ အဖြစ် အယောင်ဆောင်ကာ ဒေသခံရွာသားများနှင့် တော်လှန်ရေး တပ်သားများကြား နားလည်မှုလွှဲအောင် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း၊ ယင်းသို့ ဖမ်းဆီးတာမျိုး တော်လှန်ရေး တပ်ဖွဲ့ဝင်တွေ အနေနှင့် မလုပ်ဆောင်ကြောင်း ယခုလို ဖြေရှင်းအတည်ပြုပြောကြားသည်။
“ လက်ရှိမှာ စစ်ကောင်စီဘက်က ရွာထဲတွေကို PDF အယောင်ဆောင် ယူနီဖောင်းတွေ ဝတ်ပြီးလာတယ် သူတို့ အကျီနဲ့ ဘောင်းဘီကတော့ ပြည်သူ့တော်လှန်ရေး ယူနီဖောင်းတွေဘဲ ဦးထုတ်တို့ သေနတ်တို့ကတော့ စစ်ကောင်စီ ပစ္စည်းတွေ တိုက်ပွဲမှာ ကျသွားတဲ့ စစ်ကောင်စီ အလောင်းတွေ သွားကြည့်မှ သတိထားမိတာဟု” တိုက်ပွဲဝင် ရဲဘော်တစ်ဦးက ပြောသည်။
လက်ရှိအချိန်မှာတော့ အာဏာသိမ်းစစ်ကောင်စီက ကျောင်းစု(ပေါပီဒဲ) ကျေးရွာအတွင်းမှာ တပ်စွဲထားပြီး ဒေသခံ ပြည်သူလူထုကို ဖမ်းဆီးခြင်း၊ ပစ်ခတ်ခြင်းများ ပြုလုပ်နေသည်ဟု ထွက်ပြေးတိမ်းရှောင်လာသူ ဒေသခံများကလည်း ဆိုသည်။
ယင်းသို့ ဖမ်းဆီး ခြင်းများနှင့် ပစ်ခတ်ပြီး ညောင်ပင်သာရွာမှ ကလေးငယ် လေးဦး၊အမျိုးသမီး ၉ဦး အပါအဝင် ၁၉ဦးကို စစ်ကောင်စီတပ်က မီးရှို့ခဲ့ပြီး ကျန်တစ်ဦးကို သင်္ချိုင်းကုန်းနား၌ နှိပ်စက်ခဲ့ကာ ရေအိုးစင်ရွာမှ ရွာသား (၄)ဦးနှင့် ရွာသူ(၃)ဦးတို့ကို လူသားဒိုင်းကာ အဖြစ်ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU ၏ ထုတ်ပြန်ချက်တွင် အသိပေး ဖော်ပြထားပါသည်။
ယင်းထုတ်ပြန်ချက်အရ မေလ ၁၁ရက်နေ့မှ စ၍ ယနေ့ မေလ ၁၇ ရက်နေ့ မနက်ထိ အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ တပ်မ (၉၉) လက်အောက်ခံတပ်ရင်း (ခမရ−၁၅)၊ အမှတ်(၆) စစ်ဆင်ရေး ကွပ်ကဲမှူးဌာနချုပ် လက်အောက်ခံ တပ်ရင်း (ခလရ−၈၄)၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်(တောင်ငူ) လက်အောက်ခံတပ်ရင်း (ခလရ−၇၃) ဇရပ်ကြီး၊ (ခမရ−၅၉၉) မုန်း၊ တပ်မ(၄၄) လက်အောက်ခံတပ်ရင်း စသည့် တပ်များနှင့် KNLAတပ်များအကြား ထိတွေ့တိုက်ပွဲများဖြစ်ပွားနေပြီး တိုက်ပွဲများကြောင့် ထွက်ပြေးနေကြသည့် အရေအတွက်သည် ပဲခူးတိုင်းဒေသကြီးအတွင်း ကျေးရွာ ၈ ရွာရှိ အိမ်ခြေ ၁၇၄၈ အိမ်က လူဦးရေ ၈၆၉၆ ဦးခန့် ရှိနေကြောင်း KNU က ထုတ်ပြန်ထားရှိချက်အရ သိရပါသည်။