စစ်မြေပြင်တွင် စစ်ကောင်စီတပ်သားများ သေဆုံးမှုများနေရခြင်းမှာ ရှေ့တန်းသို့ အတင်းအကျပ်စေလွှတ်ခံနေရ ခြင်းကြောင့် ဖြစ်ကြောင်း ကော်ဘရာစစ်ကြောင်း၏ တပ်ခွဲမှူး ကပြောသည်။
မြဝတီမြို့နယ်အတွင်း ဖြစ်ပွားနေသည့်တိုက်ပွဲ ဖြစ်စဉ်များကို ခြုံငုံကြည့်ပါက စစ်ကောင်စီတပ်ဘက်က လက်နက်နှင့် စစ်သည် အင်အားသာလွန်သော်လည်း အကျအဆုံးများစွာဖြင့်သာ ဆုတ်ခွာတပ်ဆုတ်ပြေးရလေ့ရှိကြောင်း ကော်ဘရာစစ်ကြောင်း တပ်ခွဲမှူးကိုရှိုင်းကပြောသည်။
“ စကစကသူတို့ လွယ်လွယ် နဲ့တော့ ကျွန်တော် တို့ကို မရနိုင်ပါဘူးခင်ဗျ။ဘာလို့ဆို သူတို့က စိတ်ပိုင်းဆိုင်ရာပါထိခိုက်နေတဲ့သူတွေလေ။အတင်းအကျပ်စေခိုင်းလို့သာလုပ်နေကြတာ။
လက်နက်အင်အား နဲ့ ဝေဟင်ပစ်ကူတွေရှိနေပေမယ့်လည်း သူတို့မြေဩဇာဖြစ်ရတဲ့အကြောင်းအရင်းက ဒါကြောင့်လို့ပြောလို့ရတယ်” ဟု ကိုရှိုင်း ကပြောသည်။
မတ်လ၂၅ရက်နေ့က မြဝတီကုန်သွယ်ရေးဇုန်ကို ကော်ဘရာစစ်ကြောင်းက ဝင်ရောက်တိုက်ခိုက်စီးနင်းခဲ့ပြီးနောက် တာဝန်ယူဦးစီး တိုက်ခိုက်ခဲ့သည့် တပ်ခွဲမှူး ကိုရှိုင်း အား အရှင် ဖမ်းဆီးပေးရန် စစ်ကောင်စီတပ်ဘက်က ညွှန်ကြားထားကြောင်း သိရသည်။
“ အဲ့ဒါက ကုန်သွယ်ရေး ဇုန်ကိစ္စပြီးတော့ စတာပါပဲ။ဒါပေမယ့်သူတို့ လွယ်လွယ်နဲ့တော့ ကျွန်တော့် ကိုမရနိုင်ပါဘူး။ကျွန်တော့်တစ်ယောက်အတွက်နဲ့ သူလူအများကြီးစတေးနိုင်ရင်တော့ တက်လာပေါ့။ကိုယ့်ဘက်ကတော့ ပြင်ဆင်ထားရတာပေါ့။ကြောင်တောင်တောင်ကောင်တွေများပါတယ်ဗျာ” ဟု ကိုရှိုင်းကပြောသည်။
မေလ ၁၁ရက်နေ့ ၁၃ရက်နေ့အထိ စစ်ကောင်စီတပ်ရင်းများဖြစ်သည့် ခမရ(၁၁၈)၊ လ(၈)၊ ခလရ(၂၇၅)နှင့် BGF (၁၀၁၉)တပ်ရင်းတို့ ပူးပေါင်းကာ မြဝတီမြို့နယ်အတွင်းရှိ ဒေသခံ တော်လှန်ရေးတပ်ဖွဲ့များထံ စစ်ကြောင်းထိုးတိုက်ခိုက်ကာ စခန်းသိမ်းနိုင်ရေးအတွက် လက်နက်ကြီးပစ်ကူအများအပြားအသုံးပြုခဲ့သော်လည်း ပြန်လည်ဆုတ်ခွာထွက်ပြေးခဲ့ရသည်။