မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်တွင် မိုခါမုန်တိုင်းဒဏ်ကြောင့် ရေဘေးသင့်သည့် အခြေအနေများရှိသလို ပြည်သူလူထု၏ နေအိမ်အချို့လည်း ပျက်စီးဆုံးရှုံးမှုများရှိကြောင်း စုံစမ်းသိရှိရသည်။
ပျက်စီးသွားသော နေအိမ်များကို ဒေသခံ ပြည်သူ့တော်လှန်ရေးတပ်ဦးမှ ရဲဘော်များက မေလ (၁၆) ရက်နေ့၌ သွားရောက်ကူညီပေးခဲ့ရသည်ဟု သတင်းထုတ်ပြန်ထားသည်။
မိုးများပြီး ရေကြီးရေလျှံမှုများ ဖြစ်သည့်အပြင် လေတိုက်နှုန်း များသည့် အခြေအနေကြောင့် ရပ်ရွာအပြင်တွင် နေထိုင်ကြရသည့် စစ်ရှောင်ပြည်သူများ၏ နေအိမ်များ ရေထဲမျောခြင်း၊ ပြိုလဲပျက်စီးခြင်းများ ရှိခဲ့သည်ဟု ဆိုသည်။
“ မုန်တိုင်းကြောင့် ပြိုလဲပျက်စီးသွားတဲ့ အိုးအိမ်အဆောက်အအုံတွေကို ရှင်းလင်းပေးတာတွေ အသုံးအဆောင်ပစ္စည်း ခွဲခြမ်းစိတ်ဖြာနေရာချပေးတာတွေ ပြုလုပ်ပေးနေပါတယ်” ဟု ပြည်သူ့တော်လှန်ရေးတပ်ဦး ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာနတာဝန်ခံ ရဲဘော်လွန်းညီက MPA ကို ပြောသည်။
ဒေသထွက်စိုက်ပျိုးသီးနှံများဖြစ်သည့် နှမ်း၊ စပါးနှင့် ကြက်သွန်စသည့် စိုက်ပျိုးရိက္ခာများ၊ အိမ်အသုံးအဆောင်ပစ္စည်းများလည်း သိန်းရာနှင့်ချီပြီး ဆုံးရှုံးခဲ့ကြကြောင်း ၎င်းက ဆိုသည်။
“ စစ်ကြောင်းထိုးတဲ့အခါမှာ နေအိမ်တွေ မီးရှိ့ဖျက်ဆီးခံခဲ့ရလို့ ဘေးလွတ်ရာတိမ်းရှောင်နေရသလို စစ်မီးအကြွင်းအကျန် ရှိတာလေးနဲ့ ရပ်တည်နေထိုင်နေကြတာကိုမှ အခုလို မိုခါ လေဘေးရိုက်ခတ်ခံရတော့ ဒီဒေသက ပြည်သူလူထုအနေနဲ့ လူရောကိုယ်ပါဒုက္ခမျိုးစုံ ခံစားနေရပါတယ်။ အဲ့ဒါကြောင့်မို့ ကျနော်တို့ပြည်သူ့တော်လှန်ရေးတပ်ဦးက ရဲဘော်တွေဟာ အဖိနှိပ်ခံပြည်သူလူထုကို စိတ်အားကိုယ်အားနဲ့ တတ်နိုင်တဲ့ဘက်ကနေ အခုလို ဝိုင်းဝန်းကူညီပေးကြတာ” ဟု ၎င်းက ဆက်လက်ရှင်းပြသည်။
မိုခါမုန်တိုင်းဒဏ်ကြောင့် ပေါက်မြို့နယ်တောင်ပိုင်းတွင် ရေကြီးရေလျှံမှုဖြစ်ပွားပြီး နှမ်းစိုက်ခင်း ဧက ၅၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့သည်ဟု စုံစမ်းသိရှိရသည်။