မိုခါမုန်တိုင်းဒဏ်ခံခဲ့ရသည့် ချင်းပြည်နယ်အတွင်းမှ မြို့နယ်လေးခုအား သဘာဝဘေးအန္တရာယ်ကျရောက်သော ဒေသအဖြစ် သတ်မှတ်ကြောင်း စစ်ကောင်စီက ယမန်နေ့ မေလ ၁၆ ရက်တွင် ကြေညာသည်။
အာဏာသိမ်းစစ်ကောင်စီမှ ကြေညာထားသော ချင်းပြည်နယ်အတွင်းရှိ မြို့နယ်လေးခုမှာ တီးတိန်မြို့နယ်၊ ပလက်ဝမြို့နယ်၊ မတူပီမြို့နယ်နှင့် ဟားခါးမြို့နယ်တို့ဖြစ်ပြီး ယင်းဒေသများအား သဘာဝဘေးအန္တရာယ်ကျရောက်ရာဒေသများအဖြစ် သတ်မှတ်လိုက်ခြင်းဖြစ်သည်။
လက်ရှိ ချင်းပြည်နယ်တွင် စစ်ကောင်စီက အင်တာနက်နှင့် ဖုန်းလိုင်းများ ဖြတ်တောက်ထားသောကြောင့် ထိခိုက်ပျက်စီးမှု အသေးစိတ်ကို သိရှိရန်အတွက် ခက်ခဲမှုရှိနေသည်။
“ ချင်းမှာက ဖုန်းလိုင်းနဲ့ အင်တာနက်တွေ အဖြတ်ခံထားရတာ။ အဲ့ဒါကြောင့် ထိခိုက်မှုအခြေအနေသေးစိတ်ကိုတော့ သိဖို့ခက်ခဲတယ်။ လူနေအိမ်တွေရော အဆောက်အအုံတွေရော တော်တော်ကို ထိခိုက်ပျက်စီးခဲ့တယ်။ အကုန်ကို လိုအပ်နေတာ စကစက စစ်ကြောင်းထိုးထားခဲ့တာတွေကြောင့် လူနေအိမ်တွေက အပျက်အစီးအဆုံးအရှုံးတွေက ရှိထားတာ။ အခုက မုန်တိုင်းဒဏ်ပါ ခံလိုက်ရတော့ ပိုဆိုးတာပေါ့။ စားနပ်ရိက္ခာရော ကျန်းမာရေးအတွက် ဆေးဝါးရော အကုန်ကို လိုအပ်နေတာ” ဟု ချင်းပြည်နယ်ရှိ ဒေသကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
စစ်ကောင်စီဘက်မှ ထုတ်ပြန်ထားသည့် အချက်အလက်များအရ မေလ ၁၅ ရက်နေ့ ညနေပိုင်းအထိ ချင်းပြည်နယ်တွင် ရပ်ကွက်/ကျေးရွာ ၂၄ ခုမှ နေအိမ် ၁၂၉ လုံး၊ သာသနိကအဆောက်အအုံတလုံး၊ ဘုန်းတော်ကြီးကျောင်း နှစ်ကျောင်း၊ စာသင်ကျောင်း တကျောင်း၊ ဆေးရုံ/ဆေးခန်း နှစ်ခု၊ ဓာတ်မီးတိုင်လေးခု၊ ဌာနဆိုင်ရာအဆောက်အဦး အလုံး ၃၀ နှင့် ဘောလုံးကွင်း တစ်ကွင်း ထိခိုက်ပျက်စီးခဲ့သည်ဟု ဆိုသည်။
“ပျက်စီးဆုံးရှုံးတာတွေတော့ အများကြီးပဲ။ လေတိုက်တဲ့အပြင် မိုးကကြီးတော့ မြေပြိုတာတွေပါရှိတယ်။ လူအထိအခိုက်တော့ သိပ်မရှိဘူး။ ဖုန်းလိုင်းက မရတော့ သတင်းတွေ သိချင်ရင် မိုင် ၃၀၊ ၄၀ လောက်ဝေးတဲ့ နေရာအထိ သွားရတယ်။ အခုက မုန်တိုင်းကြောင့် လမ်းတွေက သွားရလာရတာ အရမ်းကိုခက်တယ်”ဟု ချင်းပြည်နယ်မှ ဒေသခံတစ်ဦးက ပြောသည်။
မုန်တိုင်းနောက်ဆက်တွဲအဖြစ် မိုးကြီးခြင်းကြောင့် ချင်းပြည်နယ်၊ ဟားခါးမြို့နှင့် ပလက်ဝမြို့နယ်ခွဲ စမီးမြို့ စသည့် မြို့များတွင် မြေပြိုကျမှုများရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG မှ မေလ ၁၆ ရက်နေ့က သတင်းထုတ်ပြန်ထားသည်။
အာဏာသိမ်းစစ်ကောင်စီသည် သဘာဝဘေးအန္တရာယ်ကျရောက်သည့် ဒေသများအဖြစ် ရခိုင်ပြည်နယ်အတွင်းမှ မြို့နယ် ၁၇ ခုကိုလည်း ပြီးခဲ့သည့် မေလ ၁၅ ရက်နေ့တွင် သတ်မှတ်ကြေညာခဲ့သေးသည်။